♻ အကောင်းဆုံး ဖြစ်ချင်တယ်၊၊ ♻
ကိုယ်တတ်နိုင်ပါလျက်နဲ့ တတ်နိုင်သလောက်ကို မလုပ်ပဲနဲ့ တမင်တကာ လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်မယ် ဆိုရင် သင်ဟာ တသက်တာလုံး စိတ်မချမ်းမ...သာနဲ့ နေသွားရတော့မယ်၊၊
စိတ်မချမ်းမသာဆိုလို့ တကယ်ကို ဝမ်းနဲပူဆွေးပြီးတော့ နေရမှာလားဆိုတော့ မဟုတ်ပါဘူး နော်၊၊ ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး၊၊ ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး၊၊ အကယ်၍ အဲဒီလို မကျေနပ်တာကို ဖုံးဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊၊ ကိုယ့်စိတ်ဓာတ်ကိုရော ကိုယ့်အသိဥာဏ်ကိုရော ထုံထိုင်းသွားအောင် လုပ်မှရမယ်၊၊
ကိုယ်တတ်နိုင်တာကို မလုပ်ပဲနေလိုက်ရင် ကိုယ့်ကိုယ်ကိုကိုယ် လေးစားနိုင်မှာ မဟုတ်တော့ဘူး၊၊ အဲဒါကိုက unhappiness ပဲ၊၊ ကိုယ့်ကိုကိုယ် မလေးစားနိုင်တာဟာ တော်တော် စိတ်မကောင်းစရာပဲ နော်၊၊
ကိုယ်တတ်နိုင်တဲ့ အကူအညီကို မပေးလိုက်ရင် ကိုယ့်ရဲ့ စိတ်ဓာတ်အဆင့်အတန်း ကိုယ့်ရဲ့ အသိဥာဏ်အဆင့်အတန်း ကိုယ့်ရဲ့ မေတ္တာ ကရုဏာ အဆင့်အတန်းကိုပါ နှိမ့်ချမှ ရတော့မယ်၊၊ ကိုယ့်ကိုယ်ကိုကိုယ် အဆင့်နှိမ့်မှ ရမယ်၊၊ အကောင်းဆုံးကို မလုပ်ချင်ရင် ကိုယ့်အဆင့်ကို နှိမ့်မှ ရမယ်၊၊ အဆင့်မနှိမ့်ချင်ရင် ကိုယ်တတ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်မှ ရမယ်၊၊
တချို့လူတွေကို တကယ်လိုနေတုန်းမှာ ဘုန်းကြီး ကူညီခဲ့တာ ရှိတယ်၊၊ တော်တော်များများ ပေးတာတွေမှာ တခုခုတော့ မျှော်လင့်နေတာ ရှိတတ်တယ်နော်၊၊ ငါ့ကို ကျေးဇူးရှင်ကြီးလို့ သဘောထားပြီးတော့ တွေ့တဲ့နေရာမှာ ငါ့ကို တရိုတသေ ဆက်ဆံမှာပဲလို့ မျှော်လင့်နေမှာပဲ၊၊ ကျေးဇူးရှင်ကြီး ဖြစ်ချင်နေတာကိုက မကောင်းတော့ဘူး၊၊ သေသေချာချာ တွေးကြည့်တော့ ကိုယ့်ဘဝမှာ တကယ် ကျေကျေနပ်နပ် ပေးလိုက်ရတယ်ဆိုတာ တော်တော် နဲတယ်ပါလားလို့ တွေးမိတယ်၊၊ဇနီးမောင်နှံချင်းလည်း မျှော်လင့်ချက်တွေနဲ့ ပေးနေတာ ဖြစ်တတ်တယ်၊၊ သားသမီးနဲ့မိဘလည်း ဖြစ်နိုင်တာပဲ၊၊ သားသမီးနဲ့မိဘ ဆက်ဆံရေးကတော့ တော်တော် လှိုက်လှဲပါတယ်၊၊ အထူးသဖြင့် မိဘရဲ့ မေတ္တာက တော်တော် ကြီးမားပါတယ်၊၊ ကိုယ့်ဥာဏ်နဲ့ကိုယ် ချဲ့ပြီးတော့ စဉ်းစားကြည့်ပါ နော်၊၊
ငါ လုပ်နိုင်ပါလျက်နဲ့ အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့တာတွေ ဘယ်လောက်များသလဲ၊၊ သူ့ကို ငါ ဒီထက်ပိုပြီးတော့ မေတ္တာနဲ့ ဆက်ဆံလို့ ရပါတယ်၊၊ ဒါပေမဲ့ ငါ လျှော့ထားတယ်၊၊ တမင်တကာကို လျှော့ထားတာ၊၊ ဘာဖြစ်လို့လဲ၊၊ ဈေးကိုင်ထားတာပေါ့၊၊ ဂရုဏာမှာလည်း ဒီလိုပဲ၊၊ ဂရုဏာ လျှော့ထားလိုက်တယ်၊၊ ကိုယ်ကျင့်တရားမှလည်း လျှော့ထားတယ်၊၊ ဒီထက်ပိုပြီး ရိုးသားနိုင်တယ်၊၊ ဒါပေမဲ့ ခပ်ပေါ့ပေါ့ သဘောထားနဲ့ မရိုးသားတာတွေကို လုပ်နေတယ်၊၊ တရားအားထုတ်ရာမှာကော၊၊ ဒီ့ထက်ပိုပြီး အသိဥာဏ် မြင့်တဲ့သူ၊ ဒီ့ထက်ပိုပြီး စိတ်ထားမြင့်တဲ့သူ ဖြစ်ဖို့ ငါ ကြိုးစားမယ်ဆိုရင် ရပါတယ်၊၊ ရပါရက်နဲ့ မကြိုးစားဘူး၊၊ အပျင်းပြေစရာတွေက သိပ်များတော့ အဲဒါတွေ ကြည့်နေ နားထောင်နေတာနဲ့ အချိန်တွေကုန်ပြီး တကယ် စိတ်ထားမြင့်ဖို့ကို လုပ်ဖို့ အချိန် မရတော့ဘူး၊၊ ငါ တကယ် ကြိုးစားမယ်ဆိုရင် ငါဟာ အခု သိတာထက် အများကြီး ပိုသိတဲ့သူ ဖြစ်နိုင်တယ်၊၊ ငါ့ရဲ့ အသိဥာဏ်အဆင့်အတန်း ငါ့ရဲ့ စိတ်အဆင့်အတန်း အများကြီး မြင့်နိုင်ပါလျက်နဲ့ ငါ မလုပ်ခဲ့ဘူး၊၊
ဘာတွေ ရထားပြီးပြီလဲ၊၊ ဘာတွေ ကျေနပ်စရာ ရှိသလဲ၊၊ သေခါနီးမှာ ငါ့ဘဝဟာ ဘာမှ တကယ်ကျေနပ်စရာ မရှိပါလားလို့ တွေးပြီး သေမယ်ဆိုရင် တော်တော်သနားစရာ ကောင်းမယ်၊၊ ကြိုကြိုတင်တင်လေး သတိရပြီးတော့ ငါ့ဘဝဟာ ဘာမှ ကျေနပ်စရာ မရှိတဲ့ဘဝ မဖြစ်စေရဘူး၊၊ သေခါနီးမှာ နောင်တ မရချင်ဘူး ဆိုပြီးတော့ ကြိုးစားမယ်ဆိုရင် ငါဟာ ငါတတ်နိုင်သလောက် စိတ်ထားအကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တယ်၊၊ ငါတတ်နိုင်သလောက် အသိဥာဏ် မြင့်မားအောင် ကြိုးစားခဲ့တယ်လို့ တွေးပြီး ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှု ရနိုင်တယ်၊၊
➖➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ” စာအုပ် စာမျက်နှာ(၈၇) မှ ကောက်နုတ် ဖော်ပြပါသည်၊၊
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥
LIFE

Myanmar Kyat Converter
No comments:
Post a Comment