မြန်မာအသင်းရဲ့ အနေအထားက အုပ်စု(၂)ပွဲအပြီးမှာ အဆိုးဆုံး
အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် အုပ်စု(၃)ပွဲမှာ
(၂) ပွဲရှုံးပြီဆိုရင် မျှော်လင့်ချက် မရှိတော့သလောက် ဖြစ်ပေမယ့် ဒီပွဲမှာတော့
မြန်မာအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် မျှော်လင့်ချက် ရှိနေဆဲပါ။
အုပ်စုတတိယအဖြစ် ရပ်တည်မယ့် အသင်း(၆)သင်းထဲက အကောင်းဆုံး
အုပ်စုတတိယ (၄) သင်းက အုပ်စုပထမ၊ ဒုတိယ အသင်းတွေနဲ့အတူ
နောက်တစ်ဆင့်တက်ရောက်ခွင့် ရရှိမှာ ဖြစ်လို့ပါပဲ။

မြန်မာအသင်းအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ခွင့်ရဖို့အတွက်
အဆင့် (၂) ဆင့်ကို ဖြတ်သန်းရပါမယ်။ ပထမအဆင့်က နယူးဇီလန်အသင်းကို အနိုင်ရပြီး၊ အုပ်စုတတိယနေရာကို ရရှိဖို့ပါ။ ဒုတိယအဆင့်အနေနဲ့ အုပ်စုတတိယရတဲ့
အသင်းတွေထဲမှာ (၃) မှတ်မရတဲ့အသင်း အနည်းဆုံး(၂)သင်းရှိဖို့ပါ။
ဒီအနေအထားမှာ ဒုတိယအဆင့်က ကိုယ်ဖန်တီးလို့ မရပါဘူး။
ကံကြမ္မာကိုပဲ အားကိုးရပါမယ်။ ပထမအဆင့်ကို ကျော်ဖြတ်ဖို့ကတော့
ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိပါတယ်။
ဒီပွဲနိုင်ရင် (၃) မှတ်ရပါမယ်။ သရေနဲ့အရှုံး ဆိုရင်တော့ ကျန်တာ
ဆက်စဉ်းစားစရာ မရှိတော့ပါဘူး။
နယူးဇီလန်နဲ့ မြန်မာအသင်း ဘယ်သူသာသလဲ။ နယူးဇီလန်က (၁) မှတ် ရထားပါတယ်။
မြန်မာအသင်းက အမှတ်မရသေးဘူး။ ပြီးခဲ့တဲ့နှစ်ပွဲမှာ မြန်မာက နှစ်ပွဲစလုံး ရှုံးခဲ့ပြီး၊
နယူးဇီလန်က မြန်မာရှုံးခဲ့တဲ့ အသင်းတစ်သင်းကို သရေကစားထားပါတယ်။
ယေဘုယျအားဖြင့် နယူးဇီလန်အသင်းက ပိုကောင်းတယ်လို့ပဲ ယူဆရပါမယ်။
နှစ်နိုင်ငံ ဘောလုံးအဆင့်အတန်းအရ ချိန်ထိုးကြည့်ရင်လည်း နယူးဇီလန်ရဲ့
ဘောလုံးအဆင့်အတန်းက မြန်မာထက် အများကြီး မြင့်ပါတယ်။ ၂
၀၁၀ ကမ္ဘာ့ဖလားမှာတောင် နယူးဇီလန် လက်ရွေးစင်အသင်းကြီးက
ဝင်ကစားခွင့် ရခဲ့ပါတယ်။ တစ်ခုရှိတာက နယူးဇီလန်က သူတို့ဘောလုံးသမိုင်း
တစ်လျှောက်မှာ သြစတြေးလျရဲ့ အရိပ်အောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။
သြစတြေးလျ ရှိနေသမျှ သူတို့ ဘာမျှော်လင့်ခွင့်မှ မရှိခဲ့ပါဘူး။ လက်ရွေးစင်အဆင့် ဖြစ်ဖြစ်၊ လူငယ်အဆင့်ပဲ ဖြစ်ဖြစ် နယူးဇီလန်က သြစတြေးလျကို မယှဉ်နိုင်ခဲ့ပါဘူး။
မြန်မာနဲ့ နယူးဇီလန်က လူငယ်အဆင့်မှာ ဘယ်တုန်းကမှ ထိပ်တိုက်မတွေ့
ဖူးခဲ့တဲ့အတွက် နှိုင်းယှဉ်တန်ဖိုးတွေကိုပဲ စဉ်းစားကြည့်ပါမယ်။ မြန်မာအသင်းက
နယူးဇီလန်နဲ့ ခြေသိပ်မကွာဘူးလို့ ယူဆရတဲ့ ဖီဂျီကို ပြိုင်ပွဲအကြိုကာလမှာ
ဖိတ်ခေါ်ခြေစမ်းခဲ့ပါတယ်။ နှစ်ပွဲစလုံး အနိုင်ရခဲ့ပြီး၊ (၂)ပွဲစလုံး ဂိုးမပေးခဲ့ရပါဘူး။
တစ်ပွဲက(၃-၀) နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ သြစတြေးလျ အကြောင်းကို
ပြန်ဆက်ပါမယ်။ သြစတြေးလျက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့
ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲတစ်ဖြစ်လည်း အာရှယူ-၁၉ ချန်ပီယံရှစ်မှာ
ဝင်ကစားခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်၊ ယူအေအီး၊ အင်ဒိုနီးရှားတို့နဲ့
တစ်အုပ်စုတည်း ကျခဲ့ပါတယ်။ မြန်မာနဲ့ ခြေစွမ်းကွာတဲ့ အင်ဒိုနီးရှားကို
(၁)ဂိုးအသာနဲ့ ကပ်နိုင်ခဲ့ပါတယ်။ မြန်မာအသင်း ကွာတားဖိုင်နယ်မှာ
ကျော်ဖြတ်ခဲ့တဲ့ ယူအေအီးကို (၁-၁)ဂိုးနဲ့ သရေကျပါတယ်။ ဥဇဘက်ကစ္စတန်နဲ့ (၂-၂)ဂိုးစီ သရေကျခဲ့ပါတယ်။ သွယ်ဝိုက်ပြီးတောင် သက်ဆိုင်မှုမရှိတဲ့ ဥဇဘက်ကစ္စတန်နဲ့ပွဲကို
ဖယ်လိုက်ပါ။ သြစတြေးလျ လူငယ်အသင်းဟာ မြန်မာလူငယ်အသင်းထက်
ပိုကောင်းတယ်ဆိုတဲ့ အချက်တစ်ချက်မှ မတွေ့ရပါဘူး။ နောက်ဆုံးအနေနဲ့
နယူးဇီလန်နဲ့ မြန်မာကို ပြန်ချိန်ထိုးကြည့်ပါမယ်။ လက်ရွေးစင်အဆင့်မှာ နယူးဇီလန်
သာတာကို ငြင်းစရာ မရှိပါဘူး။ လူငယ်အဆင့်မှာတော့ မြန်မာလူငယ်အသင်းဟာ
နယူးဇီလန်အသင်းထက် သာကိုသာတယ်လို့ ကောက်ချက်ဆွဲရပါမယ်။
ဒီပြိုင်ပွဲမှာ နယူးဇီလန်နဲ့မြန်မာ ဘယ်လိုကစားခဲ့သလဲ ဆိုတာကို ပြန်သုံးသပ်ပါမယ်။
မြန်မာက အမေရိကန်နဲ့ပွဲမှာ တစ်ပွဲလုံး ပုံစံကောင်းကို ပြသနိုင်ခဲ့ပါတယ်။
နယူးဇီလန်က ယူကရိန်းနဲ့ပွဲမှာ ပွဲချိန်အများစုကို အသာစီးက ကစားခဲ့ပြီး၊
နောက်ဆုံးမိနစ်တွေမှာ အနိုင်ရလုနီးပါး ကစားခဲ့ပါတယ်။ ပထမပွဲအပြီး
ခြေစွမ်းအရ မြန်မာနဲ့ နယူးဇီလန် ယှဉ်ကြည့်ရင် နယူးဇီလန်က အနည်းငယ်သာပါတယ်။
ဒုတိယပွဲမှာ မြန်မာအသင်းရော၊ နယူးဇီလန်ပါ ဂိုးပြတ်ရှုံးပါတယ်။ ဂိုးရလဒ်အရလည်း နှစ်သင်းစလုံး အရှက်တကွဲပါပဲ။ ဒါပေမဲ့ ဂိုးပြတ်ရှုံးခဲ့တာချင်း အတူတူ မြန်မာအသင်းက ပိုကောင်းပါတယ်။ မြန်မာဖြစ်နေလို့ ကိုယ့်အသင်းကိုယ် အကောင်းပြောတယ်လို့ စွပ်စွဲရင်လည်း ခံပါမယ်။
ဒါပေမဲ့ တကယ်ကို ဒီအတိုင်းပဲ မြင်စရာတွေ ရှိပါတယ်။
နယူးဇီလန်က အမေရိကန်ကို ဘယ်အပိုင်းမှာမှ ယှဉ်လို့မရခဲ့ပါဘူး။
ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဘယ်လိုမှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။
မြန်မာအသင်းက ယူကရိန်းကို နယူးဇီလန်ကစားတာထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းခြေစွမ်းက ယူကရိန်းကို အနိုင်ရသင့်တယ်လို့ ယုံကြည်ရလောက်အောင်
ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာဆင်ခြေမှ မပေးချင်တော့ပါဘူး။
နယူးဇီလန်က အမေရိကန်ကို မယှဉ်နိုင်ခဲ့သလိုမျိုးဘဲ မြန်မာအသင်းလည်း
ဘယ်လိုမှ အဖတ်ဆယ်မရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ခြေစွမ်းပိုင်းအရ မြန်မာက
မီဒီယာတွေအကြိုက်၊ ပရိသတ်တွေအကြိုက် ကစားပြခဲ့ပါတယ်။ ဒါက မြန်မာမီဒီယာ၊
မြန်မာပရိသတ်တွေရဲ့အမြင် မဟုတ်ပါဘူး။ ကမ္ဘာ့မီဒီယာ၊ ကမ္ဘာ့ပရိသတ်တွေရဲ့
အမြင်ပါ။ ဖီဖာဝက်ဘ်ဆိုက် အပါအ၀င် နိုင်ငံတကာ ၀က်ဘ်ဆိုက်တွေက
သုံးသပ်ချက်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။
ပွဲကြိုအနေအထားအရ မြန်မာသာတယ်လို့ ကောက်ချက်ဆွဲပြီးတဲ့နောက်
ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံချိန်က ပိုမိုအရေးပါတဲ့အပိုင်းအဖြစ် ရှိလာခဲ့ပါတယ်။
တကယ်တော့ ဒီအပိုင်းက ပိုခက်ခဲပါတယ်။ တကယ်ရင်ဆိုင်ရတဲ့ အချိန်မှာ
ဘယ်အသင်းက ပုံမှန်ခြေစွမ်းရမလဲ၊ ဘယ်အသင်းခြေပျက်မလဲ၊ ဘယ်အသင်းက
မှန်ကန်တဲ့ခံယူချက်နဲ့ သတ္တိကိုပြနိုင်ပြီး၊ ဘယ်အသင်းက ဖိအားတွေနဲ့
သွေးပျက်သွားမလဲဆိုတာ ကြိုမမြင်နိုင်ပါဘူး။ ဒါက တစ်ချက်ပါ။ ဒီအချက်ကိုမေ့ပြီး၊
ပုံမှန်ခြေစွမ်း၊ ဖြစ်တန်ရာနဲ့ စဉ်းစားပါမယ်။ မြန်မာ ရင်ဆိုင်ရမှာက အိမ်ရှင်အသင်းနဲ့ပါ။ နယူးဇီလန်အသင်းက အမှတ် ပိုရထားသလို၊ ဂိုးကွာခြားချက်လည်း သာပါတယ်။
ဒါကြောင့် သရေဆိုရင် အုပ်စုတတိယနေရာကိုရမှာက နယူးဇီလန်ပါ။
ဒါပေမဲ့ တူနေတဲ့ အချက်က ရှေ့ (၂)ပွဲရလဒ်က ဒီပွဲ သရေဆိုရင် အထက်အောက်
ရပ်တည်မှုအတွက်သာ အရေးပါပြီး၊ နောက်တစ်ဆင့်တက်ဖို့အတွက် ဆိုရင်တော့
နှစ်သင်းစလုံးအတွက် အခွင့်အရေး မရှိပါဘူး။ နယူးဇီလန်က အုပ်စုတတိယ
ဖြစ်သွားမယ် ဆိုပေမယ့် ရမှတ် (၂) မှတ်ဆိုတဲ့ အခြေအနေက အကောင်းဆုံးအုပ်စု တတိယအသင်းထဲမှာပါဖို့ ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးအတွက် အခွင့်အရေးတူ၊ နှစ်သင်းစလုံးအတွက် အနိုင်ကစားရမယ့်ပွဲပါ။ နယူးဇီလန် နိုင်ရင်ရမယ့်
(၄)မှတ်က သေချာပေါက်တက်မယ့် အမှတ်ဖြစ်ပြီး ဒီအနေအထားကိုပဲ သူတို့ မျှော်လင့်ပါလိမ့်မယ်။
မြန်မာအသင်း အနေနဲ့ အုပ်စုတတိယ ရဖို့အတွက် ဒီပွဲမှာ ဂိုးသွင်းကို သွင်းရပါမယ်။
ဂိုးပေးရရင် ပေးရတဲ့ဂိုးထက် ပိုသွင်းဖို့ လိုကိုလိုအပ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ
အများဆုံး သွင်းဂိုး (၀)ဂိုး၊ (၁)ဂိုး၊ (၂)ဂိုး ဆိုတဲ့အထဲမှာ သွင်းဂိုး (၂) ဂိုးအထိရမယ့်ဗျူဟာ
လိုအပ်ပါတယ်။ (၂) ဂိုးသွင်းနိုင်မယ့် ကစားကွက်၊ ကစားဟန် ဖြစ်ရပါမယ်။ အခြားတစ်ဖက်မှာ တစ်ဂိုးရတာနဲ့ (၃)မှတ်ရဖို့အတွက် ဂိုးလုံးဝပေးလို့ မဖြစ်ပါဘူး။ တကယ်လို့ ပေးရရင်လည်း
(၁)ဂိုးအထိသာ အမှားခံပါတယ်။ ဒါကြောင့် ကိုယ်ကဂိုးရပြီး၊ ပြိုင်ဘက်ကို ဂိုးမပေးဖို့လိုတဲ့
ဟန်ချက်ထဲမှာ အကောင်းဆုံး ကစားကွက်က ဘာလဲ။ အကောင်းဆုံးနည်းဗျူဟာက
ဘာလဲဆိုတာ မစ္စတာ ဂတ်ဖရိုင်းဒရစ် မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ ကိုယ့်ထက်အားကြီးတဲ့ပြိုင်ဘက်(၂)သင်းကို
(၃)ယောက်တန်းခံစစ်ကို အလယ်တန်းတောင်ပံတွေက ခံစစ်ကို ဆင်းကူပေးတဲ့
(၃-၅-၁-၁) ပုံစံနဲ့ ကစားခဲ့ပါတယ်။ ဒီကစားကွက်နဲ့ပဲ နယူးဇီလန်အသင်း ကစားတဲ့
ခြေစွမ်းထက် ပိုကောင်းအောင် ကစားပြခဲ့ပါတယ်။ ဒါပေမဲ့ ပစ်မှတ်တွေရှိနေတဲ့ ဒီပွဲမှာ ဒီကစားကွက်ထက်စာရင် မြန်မာအသင်း ခြေစစ်ပွဲအောင်စဉ်က သုံးခဲ့တဲ့၊
မြန်မာပရိသတ်တွေ အပြည့်အ၀ ကျေနပ်ခဲ့သလို၊ မြန်မာကစားသမားတွေနဲ့
ပိုအံဝင်နိုင်မယ့်ဂိုးလည်း ရနိုင်ပြီး၊ ဂိုးလည်း မပေးရမယ့် ဟန်ချက်အတွက်
ပိုသင့်တော်တဲ့ (၄-၄-၂)ပုံစံကို ပြန်ကစားသင့်တယ်လို့ ထင်ပါတယ်။
အထူးသဖြင့် ဂိုးက ဘယ်အချိန်မဆို ရနိုင်ပြီး၊ ဂိုးမပေးရဖို့က ပိုအရေးကြီးတဲ့အတွက်
(၃)ယောက်တန်း ခံစစ်ကို စိုးရိမ်မိပါတယ်။
ဆက်ပြီး စဉ်းစားရမှာက နိုင်နေရင် ဘယ်လိုထိန်းမလဲ၊ ရှုံးနေရင် ဘယ်လိုတိုက်မလဲဆိုတဲ့
အပိုင်းပါ။ တစ်ဂိုးတည်းသာ ရခဲ့မယ်ဆိုရင် ဂိုးမပေးရဖို့ အရမ်းအရေးကြီးပါတယ်။
ခံစစ်ကိုပဲ အလုံပိတ်တည်ဆောက်ပြီး၊ စုပြုံပိတ်ဆို့ ကစားမလား ကစားကွက်နဲ့
ထိန်းမလား ဆိုတာပါပဲ။ တကယ်တော့ ဒီအခြေအနေဟာ နည်းပြတွေအတွက် သေမြေကြီး၊
ရှင်ရွှေထီးပါ။ ဒီလို အနေအထားမှာ ချေပဂိုး ပေးလိုက်ရရင် နည်းပြရဲ့ ဗျူဟာအမှားလို့ပဲ
ပရိသတ်တွေက ဝေဖန်ကြပါလိမ့်မယ်။ ဒီလိုကစားရင် ဟိုလိုမကစားလို့၊ ဟိုလိုကစားရင်
ဒီလိုမကစားလို့ဆိုတဲ့ အပြောမလွတ်နိုင်ပါဘူး။ ကစားကွက်နဲ့ ထိန်းကစားရင်း
ချေပဂိုးပေးရတာထက် ပိတ်ဆို့ကစားပြီး ချေပဂိုးပေးရရင် ပိုပြီး ဝေဖန်ခံရနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအသင်း အနေအထားနဲ့ကျတော့ မိနစ် (၇၀၊ ၈၀)၀န်းကျင်အထိ
နိုင်နေရင် စုပြုံပိတ်ဆို့ပြီး Behind the Ball ကစားတာက ကစားကွက်နဲ့ ထိန်းချုပ်ပြီး
သရေယူတာထက် ပိုဖြစ်နိုင်ချေ ရှိပါတယ်။ ပရိသတ်နဲ့ မီဒီယာတွေဆီက ထွက်လာနိုင်တဲ့
အသံကို ဂတ်ဖရိုင်းဒရစ် ဂရုမစိုက်ဘဲ ပိုဖြစ်နိုင်ခြေရှိတဲ့ အရာကိုသာ လုပ်သင့်တယ်လို့ ထင်ပါတယ်။
နောက်တစ်ပိုင်းက မိနစ် (၇၀၊ ၈၀)အထိ တစ်ဂိုးရှုံးနေရင် ဘယ်လိုတိုက်မလဲ ဆိုတာပါပဲ။
ပိုမို အတွေ့အကြုံရင့်ကျက်ပြီး၊ ပိုမို အရည်အသွေးပြည့်ဝတဲ့ နည်းပြရဲ့ အိုင်ဒီယိုလိုဂျီကို ၀င်မစွက်ဖက်ချင်ပါဘူး။ တတ်စွမ်းသလောက် ကူညီတဲ့အနေနဲ့ ပြောရရင်တော့ (၄-၃-၃)ကို
ပြောင်းတာက အကောင်းဆုံးပါ။ CIES ရဲ့ ဘယ်လိုနည်းပြမလဲဆိုတဲ့ နည်းစနစ်ပိုင်း
သုံးသပ်ချက်မှာ တစ်ဂိုးရှုံး အနေအထားကနေ ချေပဂိုး သို့မဟုတ်၊ အနိုင်ဂိုးတွေပါ ပြန်ရတဲ့
ပွဲတွေထဲမှာ အများဆုံး အသုံးပြုခဲ့တဲ့ ကစားကွက်က (၄-၃-၃) ဖြစ်နေပါတယ်။
(၃-၅-၂) ပုံစံဟာ အဓိက ကစားကွက်ကြီးတွေထဲမှာ အရှုံးကနေ အနိုင်ကို ပြန်လာဖို့ အခက်ခဲဆုံး၊ ရာခိုင်နှုန်းအနည်းဆုံး ကစားကွက်ဖြစ်တယ် ဆိုတာကိုလည်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။
အကြံပေးရုံသာဖြစ်ပြီး၊ ကျန်တာကတော့ နည်းပြလုပ်တာသာ အမှန်ပဲလို့ ပြောချင်ပါတယ်။
(Written By : နန္ဒဝန်ငြိမ်းချမ်း)
Eleven Media Group မှပြန်လည်ကူယူပါသည်

Myanmar Kyat Converter
No comments:
Post a Comment