
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခြင်းကို နည်းပြတစ်ယောက် အနည်း
အလွန် ဂုဏ်ယူမိကြောင်း မစ္စတာဂတ် ဖွင့်ဟ
မြန်မာယူ-၂၀ အသင်း၏ နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီသည် မြန်မာအသင်းအား
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်စေရန် လမ်းညွှန်မှု ပြုနိုင်ခဲ့ခြင်း အပေါ်
အလွန်ပင် ဂုဏ်ယူဝမ်းမြောက် မိကြောင်း ယနေ့ နံနက်ပိုင်းက FIFA မှ
စေလွှတ်သည့် မီဒီယာအဖွဲ့နှင့် တွေ့ဆုံရာတွင် ထပ်မံ ဖွင့်ဟ ပြောကြားခဲ့သည်။
"ဒီလို ခြေစစ်ပွဲ အောင်လာတယ်ဆိုတာ လွယ်ကူတဲ့ အရာ မဟုတ်ပါဘူး။
ကြိုးစားတာရော၊ ပံ့ပိုးမှုရော၊ ကံကောင်းတာ၊ ပရိသတ် အားပေးမှုရော ပါပါတယ်...။
အခု ကမ္ဘာ့ဖလားကို ရောက်လာတာက နည်းပြတစ်ယောက် အနေနဲ့ အရမ်းကို
ဂုဏ်ယူ ဝမ်းမြောက်မိတယ်" ဟု မစ္စတာဂတ်က ပြောကြားခဲ့သည်။
ထို့အတူ အသင်း၏ စုဖွဲ့မှု၊ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အနေအထားနှင့်
ပတ်သက်၍လည်း "စုဖွဲ့မှုအနေနဲ့က အားလုံးသိတဲ့ အတိုင်းက ကစားသမားက
ခန္ဓာကိုယ် ဖွဲ့စည်းပုံသေးတယ်။ ကြံ့ခိုင်မှုက တခြားအသင်းတွေနဲ့ ယှဉ်နိုင်ဖို့ လိုသေးတယ်။
ဒါပေမဲ့ ဒီကလေးတွေနဲ့ လိုက်ဖက်မယ့် လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်
လုပ်ထားပါတယ်။ ပြင်ဆင်မှု ကာလမှာလည်း လူကောင်ကြီးပြီး အင်တိုက်အားတိုက်
ကစားတတ်တဲ့ ကစားသမားတွေနဲ့ ခြေစမ်းပွဲတွေ ကစားထားပါတယ်" ဟု
ဆက်လက် ပြောကြားခဲ့သည်။
ထို့အတူ ယခုကဲ့သို့ ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ရသည့်
အတွက် မြန်မာကို ကမ္ဘာက ပိုသိလာသကဲ့သို့ မြန်မာတွေ အတွက်လည်း
ဘောလုံးအားကစား ပို၍ ပေါ်ပြူလာ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။
"ဒီပွဲကို လာကစားလို့ မြန်မာကို ကမ္ဘာ ဘောလုံး အသိုင်းအဝိုင်းက ပိုသိလာပါတယ်။
ပြိုင်ပွဲမှာ ရလဒ်ကောင်း ရယူပြီး ပိုသိအောင် ကြိုးစားပါမယ်။ ဘောလုံးဟာ
မြန်မာလူမျိုးတွေအတွက် နံပတ်တစ် အားကစား ဖြစ်ပြီးသား အရာပါ။
ဒါပေမဲ့ ဒီပွဲမှာ မြန်မာအသင်း ဝင်ကစားတာကို ကြည့်ပြီးတော့ အားလုံးက
ဘောလုံးကို ဒီထက်ပိုပြီး စိတ်ဝင်စားလာအောင် ပါဝင်လာအောင်
ကြိုးစားပါမယ်" ဟု ဆိုသည်။
ပြိုင်ပွဲတွင် မည်ကဲ့သို့ မျှော်မှန်းထားသည် ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍မူ
"ဘောလုံးမှာက ဘာမဆို ဖြစ်နိုင်ပါတယ်။ ကိုယ့်ဖက်က ပြင်ဆင်စရာ ရှိတာကို
ပြင်ဆင်ထားပြီးပါပြီ။ ရလဒ်ကောင်းဖို့ ကြိုးစားပါမယ်။ အံ့အားသင့်အောင်
လုပ်ပြနိုင်ဖို့တော့ ပြင်ဆင်ထားပါတယ်။ အံ့အားသင့်တယ် မသင့်ဘူး ဆိုတာက
ပြိုင်ပွဲကျမှ သိရမှာပါ" ဟု ပြန်လည် ဖြေကြားခဲ့သည်။
MFF

Myanmar Kyat Converter
No comments:
Post a Comment