ကွင်းသို့တန်းစီချီတက်ရန် ဖန်ဂရေးမြို့ခံပရိသတ်များစီစဉ်
မေလ ၃၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလား
အုပ်စုအဖွင့်ပွဲစဉ်များထဲမှ
တစ်ပွဲဖြစ်သည့် မြန်မာ- အမေရိကန်ပွဲအား ထူးထူးခြားခြား အားပေးရန်
ဖန်ဂရေးမြို့ခံများက စီစဉ်လျက်ရှိနေကြောင်း သိရသည်။
မြန်မာ- အမေရိကန် ကစားမည့် အဆိုပါပွဲအား Northland Events Center ကွင်းတွင်
ကျင်းပမည်ဖြစ်ပြီး မြို့ခံပရိသတ်များက ယင်းကွင်းသို့ တန်းစီလမ်းလျှောက်ချီတက်ကြရန်
စီစဉ်နေခြင်း ဖြစ်သည်။ ဖန်ဂ...ရေးမြို့သို့ လာရောက်အားပေးကြည့်ရှုမည့်
ဘောလုံးပရိသတ်များကိုလည်း ပူးပေါင်းပါဝင်ရန် ဖန်ဂရေးမြို့ခံများက
လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိနေသည်။
၂၀၁၁ ခုနှစ်က ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပစဉ်ကလည်း ဖန်ဂရေးမြို့ရှိ Northland Events Center ကွင်း၌
ရပ်ဘီပွဲစဉ်အချို့ကို လက်ခံကျင်းပခဲ့သည်။ ဖန်ဂရေးမြို့ခံများသည် ထိုစဉ်ကတည်းက
မိမိတို့မြို့တွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့်
ယခုကဲ့သို့ အစီအစဉ်များ ပြုလုပ်ခဲ့ဖူးသည်။
ယင်းအစီအစဉ်ဖြစ်မြောက်အောင် လှုံ့ဆော်မှုများ ပြုလုပ်နေသည့်
WDC Economic Development မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ပိ(တ်)ဂလီးဆန်က
“ကျွန်တော်တို့ မြို့မှာ ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲ လာကျင်းပတုန်းက
ပျော်ရွှင်ခဲ့ရတဲ့ ပုံရိပ်မျိုးတွေ၊ အငွေ့အသက်တွေကို ဒီယူ-၂၀ ပြိုင်ပွဲမှာ
ပြန်ပြီး တွေ့မြင်ရအောင် ပြုလုပ်နေတာပါ။ ပြိုင်ပွဲဝင်အသင်းတွေကို
လာအားပေးမယ့် ပရိသတ်တွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီပြိုင်ပွဲဟာ ကမ္ဘာ့အဆင့် ဘောလုံးသမားတွေ ထွက်ပေါ်တဲ့ ပြိုင်ပွဲတစ်ခုပါ။
ဒီပြိုင်ပွဲကို ခမ်းခမ်းနားနား ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးနိုင်တယ်ဆိုတာကို
ကျွန်တော်တို့ ဒေသက ပြသသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ယင်းသို့ ချီတက်လမ်းလျှောက်ရာတွင် ပိုမိုမြိုင်ဆိုင်စေရန်အတွက်
ဘရာဇီးလ်လူမျိုး အကပညာရှင်များကို ဖိတ်ခေါ်ထားပြီး သရုပ်ပြမည့်သူများလည်း
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာယူ-၂၀ အသင်းနှင့်
အမေရိကန် ယူ-၂၀ အသင်းတို့ ကစားမည့် ပွဲစဉ်ကို မေလ ၃၀ ရက်၌
နယူးဇီလန် ဒေသစံတော်ချိန် ညနေ ၄ နာရီ (မြန်မာစံတော်ချိန်- နံနက် ၁၀:၃၀ နာရီ) အချိန်တွင် စတင်မည်ဖြစ်ပြီး ပရိသတ်များ ချီတက်မည့် လူတန်းကို Purple Line ဟု အမည်ပေးထားကြောင်း သိရသည်။
ယင်းပွဲကြည့်ရှုရန် လက်မှတ်ဝယ်ယူထားသည့် မည်သည့်ပရိသတ်မဆို
ချီတက်မည့်လူတန်းတွင် ပါဝင်ကြရန် ပွဲကျင်းပရေးအဖွဲ့က လှုံ့ဆော်ထားပြီး
The Party Never Stops ဟူသော စာသားများဖြင့် လှုံ့ဆော်ကြေညာလျက်ရှိကြောင်း သိရသည်။
(ပုံစာ- မြန်မာအသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် Northland Events Center ကွင်းအားတွေ့ရစဉ်)

Eleven Media Group မှကူယူဖေါ်ပြပါသည်

Myanmar Kyat Converter
No comments:
Post a Comment