ဝမ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘ၀လမ်းကြောင်း မဖြောင့်ဘူး၊
ဝမ်းနဲဝမ်းသာဖြစ်တိုင်း ဘ၀လမ်းကြောင်း ကွေ့ကောက်သွားတယ်။
ကိုယ့်စိတ်ကိုကိုယ်သိပြီးတော့ ၀မ်းနဲဝမ်းသာဖြစ...်တာတွေ၊ ကျေနပ်တာ

မကျေနပ်တာဖြစ်တာတွေ အဖြစ်နဲအောင် နေနိုင်တဲ့သူရဲ့စိတ်ဟာ
ကြည်လင်အေးချမ်းမှု ပိုရှိတယ်။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ကိုယ့်ရည်မှန်းချက်
🌹🌹🌹
သတိနဲ့နေတဲ့အလေ့အကျင့်ကို စွဲစွဲမြဲမြဲ နေ့စဉ် တစ်နေ့လုံး သတိရတိုင်း
လေ့ကျင့်လာတဲ့သူဟာ တဖြည်းဖြည်းနဲ့ မြင်ရတဲ့အခါမှာဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ကြားရတဲ့အခါမှာဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ စားသောက်ရတဲ့အခါဖြစ်လာတဲ့
အတွေးအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးနဲ့ မြင်တာကြားတာအပေါ်မှာ
သဘောထားအမျိုးမျိုးဖြစ်နေတာကို ပိုပြီး အသေးစိတ် မြင်လာတယ်၊ သိလာတယ်။
လိုချင်နေတဲ့စိတ် အမျိုးမျိုး၊ လိုချင်တာမရမှာ စိုးရိမ်တဲ့စိတ် အမျိုးမျိုး၊
လိုချင်တာရတဲ့အခါဖြစ်တဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ မာန စတဲ့ စိတ်ရဲ့
သဘာဝတွေကိုလည်း ပိုသိလာတယ်။ အဲဒီအခါမှာ ဖြစ်သမျှကို ဘေးကနေ
ပွဲကြည့်ပရိသတ်လို သဘောထားမျိုးနဲ့ အေးအေးဆေးဆေး ကြည့်နိုင်တယ်။
အဲဒီလို ပွဲကြည့်ပရိသတ်လို ဘာမှ ၀င်မစွက်ပဲ အေးအေးဆေးဆေးကြည့်နိုင်တဲ့
အရည်အချင်းဟာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အရည်အချင်း ဖြစ်တယ်။
အဲဒီလို ကြည့်နိုင်လေလေ အမြင်ရှင်းလေလေပဲ။ အမြင်ရှင်းလေလေ အသိဉာဏ်
အဆင့်အတန်း မြင့်မားလေလေပဲ။ အသိဉာဏ် အဆင့်အတန်း မြင့်မားလေလေ စိတ်မှာ
လွတ်လပ်မှု ပိုရှိလေလေ ဖြစ်မယ်။
🌹🌹🌹
ကိုယ့်စိတ်ထားတွေကို ပိုပြီးတော့ တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ချမ်းသာအောင်၊ တကယ်အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်တွေ၊ စိတ်ထားတွေရအောင် လုပ်ချင်တယ်ဆိုရင်
သတိနဲ့နေတဲ့အကျင့်ကို လုပ်မှဖြစ်မယ်။ အဲဒီလို သတိနဲ့နေတဲ့အကျင့်ကို လုပ်လေလေ
ကိုယ့်ရဲ့ philosophy of life ဘ၀အမြင်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့သဘောထားတွေက
ပိုပြီးတော့ ပီပြင်လေ ဖြစ်လာတယ်။ ငါ ဘာအတွက် အသက်ရှင်နေတာလဲဆိုတာ
ပိုပြီးတော့ ရှင်းရှင်း လင်းလင်းသိလာတယ်။ ငါ ဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိရတာဟာ တော်တော် စိတ်ချမ်းသာစရာကောင်းတယ်။
🌹🌹🌹
ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ ပိုပြီး သဘောထားမှန်အောင် ပြင်နိုင်တာဟာ
လူသားရဲ့ ထူးခြားတဲ့အရည်အချင်း၊ စွမ်းရည်သတ္တိ၊ (power) ဖြစ်တယ်။
တိရစ္ဆာန်တွေဟာ ကိုယ့်စိတ်ကို ကိုယ် ပြန်မကြည့်နိုင်ဘူး။ မသိနိုင်ဘူး။
ဒါကြောင့် ပြင်လည်း မပြင်နိုင်ဘူး။ သူတို့ဟာ ဗီဇစိတ်ရဲ့ကန့်သတ်မှုထဲက ထွက်လို့ မရဘူး။
သူတို့စိတ်ကို သူတို့ ပိုကောင်းအောင် လုပ်လို့မရဘူး။ လူသာလျှင် ထူးထူးခြားခြား
ကိုယ့်စိတ်ကို ကိုယ်သိပြီး ပြင်နိုင်တဲ့ သတ္တ၀ါဖြစ်တယ်။ ဒါကြောင့် ဒီအရည်အချင်းကို ထိထိရောက်ရောက်သုံးနိုင်ရင် လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့
အဆင့်မြင့်မားတဲ့လူသား ဖြစ်လာမယ်။
🌹🌹🌹
ကိုယ့်စိတ်ကိုကိုယ် သိတဲ့အခါမှာ စိတ်ကိုပူလောင်စေတဲ့ လောဘတွေ၊ ဒေါသတွေ၊
မာနတွေ၊ မနာလို ၀န်တိုတဲ့စိတ်တွေ ပါးသွားတဲ့အခါမှာ စိတ်က အင်မတန် ချမ်းသာလာတယ်။ ပေါ့ပါးလာတယ်။ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ ချစ်လာတယ်။ ကိုယ့်ကိုယ်ကို
ပိုပြီးတော့လည်း လေးစားလာတယ်။ စိတ်ဓါတ်အင်အားတွေလည်း တက်လာပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ အသိဉာဏ်လည်း တော်တော်မြင့်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ် ယုံကြည်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ်ယုံကြည်လာလို့ ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု ပိုရှိလာပြန်တယ်၊၊ အသိဥာဏ် မြင့်လာတော့ တစ်ခုခုကို
စဉ်းစားလို့ရှိရင် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားနိုင်တယ်။ တစ်ခုခုကို
ဆုံးဖြတ်မယ်ဆိုရင်လည်းပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ ဘာလုပ်လုပ်
စိတ်ပါလက်ပါ လုပ်တယ်။ မလုပ်ချင် လုပ်ချင်နဲ့ စိတ်မပါပဲလုပ်တာ နဲသွားတယ်။
စိတ်နှစ်ခွဖြစ်တာ နဲသွားတယ်။ ဘယ်လောက်ပင်ပန်းပင်ပန်း လုပ်တယ်။
ပင်ပန်းမှာလည်း မကြောက်တော့ဘူး။ အဲဒါကြောင့် သမာဓိကောင်းလာရင်
စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓါးနဲ့ တူတယ်၊၊ တရားသတိနဲ့နေတဲ့အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်းမဆန်တဲ့သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။
သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ မဖြစ်ဘူး။
အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓါတ် အဆင့်အတန်း
နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို လွတ်လပ်တာလို့ မယူဆဘူး။
အနိုင်အရှုံး မရှိတာကို လွတ်လပ်တာလို့ ယူဆတယ်။ သူဟာ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ၊ အသိဉာဏ်တွေ၊ အရည်အချင်းတွေကို အကောင်းဆုံးနေရာမှာသုံးတယ်။ အကောင်းဆုံးနေရာမှာသုံးတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်နဲ့ အသိဉာဏ်ကို မြှင့်တင်တာပါပဲ။
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫▫ ၏ ▫▫
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

Myanmar Kyat Converter
No comments:
Post a Comment