မနက်ဖြန် (မေ-၃၀) ဆိုရင် မြန်မာ ယူ-၂၀ အသင်းဟာ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အမေရိကန် ယူ-၂၀ အသင်းန...ဲ့ စတင်ကစားရမှာပါ။
မြန်မာတစ်နိုင်ငံလုံးတင်မက တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မြန်မာဘောလုံး
ပရိသတ်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါလိမ့်မယ်။

မြန်မာဘောလုံးသမိုင်းမှာ ၁၉၇၂ မြူးနှစ်အိုလံပစ်ပြိုင်ပွဲရောက်
မြန်မာဘောလုံးအသင်းပြီးရင် ဒုတိယအအောင်မြင်ဆုံးအဖြစ် ကမ္ဘာ့အဆင့်
ပြိုင်ပွဲတစ်ရပ်ကို မြန်မာ ယူ-၂၀ အသင်း ရောက်ရှိနေတာပါ။
အခု ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရောက် မြန်မာအသင်းအကြောင်းပြောရင်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို
ချန်ထားခဲ့လို့ရမယ် မထင်ပါဘူး။ အာရှ ယူ-၁၉ ပြိုင်ပွဲ မတိုင်ခင်တုန်းက
မြန်မာ ယူ-၁၉ အသင်းကို အလွန်ဆုံးရောက် ကွာတားအဆင့်ပဲ အတော်များများက
မျှော်မှန်းခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာ ယူ-၁၉ အသင်းဟာ အုပ်စုကကျော်လွန်ပြီး
ကွာတားအဆင့်မှာ ယူအေအီးကို တိုက်စစ်မှူး သန်းပိုင်ရဲ့ တစ်လုံးတည်းသော
အနိုင်ဂိုးနဲ့ ဆီမီးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဆီမီးရောက်ခဲ့တဲ့အတွက် အခု ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ခွင့်ရခဲ့တာပါ။
ဆီမီးအဆင့်မှာလည်း ကာတာ ယူ-၂၀ အသင်းကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့်
အချိန်ပိုမှာ (၂-၃) ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ တကယ်တော့ အဲဒီတုန်းက ပြိုင်ပွဲဝင်ခဲ့တဲ့
မြန်မာ ယူ-၁၉ အသင်းဟာ ပြိုင်ပွဲနားနီးမှ ချက်ချင်းဖွဲ့စည်းခဲ့တဲ့အသင်း မဟုတ်ပါဘူး။
အဲဒီ အာရှ ယူ-၁၉ ပြိုင်ပွဲ မတိုင်မီ နှစ်ပေါင်းများစွာ တစ်စုတစ်စည်းတည်း
တည်ဆောက်ခဲ့တဲ့ အသင်းပါ။ ဒီနည်းပြတွေ၊ ဒီကစားသမားတွေ အတူရှိနေချိန်ဟာ
သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုတွေနဲ့ အတူရှိနေချိန်ထက် ပိုပါတယ်။ ဒါကြောင့်လည်း
နည်းပြတွေက ကစားသမားတွေရဲ့ တစ်ယောက်ချင်းအကြောင်းကို သိသလို၊
ကစားသမားတွေကလည်း နည်းပြတွေရဲ့ အရိပ်အကဲ၊ လိုချင်တဲ့ ပုံစံအနေထားတွေကို ကောင်းကောင်းသိနေပါတယ်။
မြန်မာ ယူ-၂၀ အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲပြီးတော့ တူရကီနိုင်ငံမှာ ကာလအတန်ကြာ နေထိုင်လေ့ကျင့်ပြီး ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။ နောက်တော့ ရန်ကုန်ကို
ခဏပြန်လာပြီး ဥရောပ (၅)နိုင်ငံကို ထွက်ခဲ့ပြန်ပါတယ်။ ဆားဘီးယား၊
မက်ဆီဒိုးနီးယား၊ ဂျာမနီ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ နိုင်ငံတွေကို သွားရောက်ပြီး
ခြေစမ်းပွဲတွေ ကစားခဲ့ပြန်ပါတယ်။ များစွာအကျိုးရှိခဲ့ပေမယ့် အဓိက,ကစားသမားတချို့ ဒဏ်ရာတွေရခဲ့တာက အသင်းကို ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။
သန်းပိုင်၊ အောင်သူ၊ ငြိမ်းချမ်းအောင်တို့ ဒဏ်ရာကိုယ်စီ ရခဲ့ကြပါတယ်။
အခုတော့ အောင်သူနဲ့ သန်းပိုင်က ပြန်အသုံးပြုလို့ရတဲ့ အနေအထား
ရောက်လာပြီဆိုပေမယ့် (၁၀၀) ရာခိုင်နှုန်းအပြည့် ကြံ့ခိုင်မှုတော့ မရှိသေးပါဘူး။
ငြိမ်းချမ်းအောင်ကတော့ ဘောလုံးကို အားနဲ့ကန်ဖို့နေနေသာသာ ကောင်းကောင်းတောင် မပြေးနိုင်သေးပါဘူး။ ကစားသမားကတော့ လူငယ်ဆိုတော့ စိတ်ဓာတ်ပြင်းထန်ပြီး
ကစားချင်ပါလိမ့်မယ်။
အဲဒီတော့ အမေရိကန် ယူ-၂၀ အသင်းနဲ့ ကစားရမယ့်ပွဲဆီကို ပြန်သွားရရင်
ဒီအသင်း (၂)သင်း နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေကို ကြည့်ရပါမယ်။
မြန်မာ ယူ-၂၀ အသင်းက ကာတာ ယူ-၂၀ အသင်းကို (၁-၄) ဂိုးနဲ့ ရှုံးနိမ့်ထားပြီး
အမေရိကန် ယူ-၂၀ အသင်းကတော့ သြစတြေးလျ ယူ-၂၀ အသင်းကို (၂-၁)
ဂိုးနဲ့ အနိုင်ရထားပါတယ်။ အမေရိကန်နဲ့ သြစတြေးလျတို့ ကစားတဲ့ပွဲကို
မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က သွားကြည့်ထားပါတယ်။
အမေရိကန်အသင်းရဲ့ခြေကို ကြည့်အပြီး ဂတ်ဖရိုင်းဒရစ် သုံးသပ်ထားတာကတော့
အမေရိကန်အသင်းဟာ မြန်မာအသင်းထက် ပိုကောင်းပါတယ်တဲ့။ ဒါပေမဲ့
သိပ်အကောင်းကြီးလည်း မဟုတ်တာကြောင့် မြန်မာနိုင်ဖို့ အခွင့်အရေး ရှိပါတယ်ဆိုပြီး သုံးသပ်ထားပါတယ်။ ဒါဟာ ဂတ်ဖရိုင်းဒရစ်ရဲ့ လှည့်ဖြားမှုတစ်ခု၊ ဒါမှမဟုတ်
တာဝန်အရှိဆုံး သူတစ်ယောက် အနေနဲ့ ပွဲမကစားမီ စကားကို အလွန်အကျွံ
မပြောလိုလို့ ထိန်းထိန်းသိမ်းသိမ်း ပြောတယ်လို့ပဲ ယူဆပါတယ်။
အမေရိကန်အသင်းကို သုံးသပ်ရရင် အမေရိကန်အသင်းဟာ ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲကို
(၁၃)ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာ (၅)ကြိမ်၊ အုပ်စုအဆင့်ကနေ ကျော်လွန်တာ (၈) ကြိမ် ရှိပါတယ်။ အမြင့်ဆုံးရောက်ခဲ့တာ (၁၉၈၉)
ပြိုင်ပွဲမှာ စတုတ္ထ၊ (၁၉၉၃၊ ၂၀၀၃၊ ၂၀၀၇)ပြိုင်ပွဲ (၃)ကြိမ်မှာ ကွာတားအဆင့်တွေကိုပါ။ နောက်ဆုံးကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲ(၃)ကြိမ်ကိုကြည့်ရင် အမေရိကန်အသင်းဟာ
(၂၀၀၉)ပြိုင်ပွဲမှာ အုပ်စုအဆင့်၊ (၂၀၁၁)ပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်၊ (၂၀၁၃) ပြိုင်ပွဲမှာ
အုပ်စုအဆင့်တွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိ
အမေရိကန် ယူ-၂၀ အသင်းကိုလည်း မြန်မာအသင်းထက် အများကြီးသာတဲ့အသင်းလို့
မှတ်ယူစရာ မရှိပါဘူး။ မြန်မာ ယူ-၂၀ အသင်း ကွင်းလယ်လူ ငြိမ်းချမ်းအောင်နေရာမှာ ကောင်းကောင်းအစားထိုးနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ နောက်ပိုင်း ခြေစမ်းပွဲတွေမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ စွမ်းထက်အောင်၊ ရန်လင်းအောင်၊ အောင်မျိုးထွေးတို့လို
ကစားသမားတွေ ရှိပါတယ်။ မြန်မာအသင်းရဲ့ အဓိကအားနည်းချက်က
ရှေ့တန်းလည်း မဟုတ်ပါဘူး။ နောက်တန်းနဲ့ အလယ်တန်းလည်း မဟုတ်ပါဘူး။
ဂိုးလည်း မဟုတ်ပါဘူး။ နောက်တန်းနဲ့ အလယ်တန်း ချိတ်ဆက်ရာမှာ အားနည်းတာပါပဲ။
ဒါပေမဲ့ မြန်မာ ယူ-၂၀ အသင်းမှာ စွဲမက်ဖွယ်ကောင်းတဲ့ အချက်တစ်ချက် ရှိနေပါတယ်။
ရှုံးရှုံးနိုင်နိုင် ကွင်းထဲမှာရှိတဲ့ ကစားသမားအားလုံးဟာ ပွဲချိန်ပြည့် မခိုမကပ်ဘဲ
ကြိုးစားကစားတတ်တဲ့ အကျင့်ပါ။ အဲဒီအချက်က မြန်မာပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်ထားတာပါပဲ။ အခုလည်း အမေရိကန်နဲ့ ကစားမယ့်ပွဲမှာ အဲဒီအတိုင်း ကစားသွားမှာ သေချာပါတယ်။ ပိုပြီးသေချာတာက မြန်မာအသင်း အမေရိကန်ကို မရှုံးပါဘူး။ ကမ္ဘာတစ်ဝှမ်းက မြန်မာပရိသတ်တွေရဲ့ အသည်းနှလုံးကို ထပ်ပြီးသိမ်းပိုက်ဖို့ ရှိနေပါတယ်။
----------------------------------------------------------
ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်း
အုပ်ချုပ်သူ - ဦးစိုးဝင်း
အတွင်းရေးမှူး - ဦးစိုးမိုးကျော်
နည်းပြချုပ် - ဂတ်ဖရိုင်းဒရစ်
လက်ထောက်နည်းပြ - ဦးညီညီလတ်
ဂိုးနည်းပြ - ဦးအောင်ကျော်ကျော်
ကြံ့ခိုင်ရေးနည်းပြ - စတီဖင်
အကြောပြင် - ဂျူးဒစ်
ဆရာဝန် - ဒေါက်တာကျော်သန့်ဇင်
ဂိုး - မျိုးမင်းလတ်၊ ပြည်စုံချစ်၊ ဝေလင်းအောင်
နောက်တန်း - ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ နန်းဝေမင်း၊
လှိုင်ဖြိုးအောင်၊ နိုင်လင်းထွန်း၊ နန္ဒကျော်
အလယ်တန်း - မျိုးကိုထွန်း၊ စွမ်းထက်အောင်၊ ရန်လင်းအောင်၊ ငြိမ်းချမ်းအောင်၊
ကျော်မင်းဦး၊ ရန်နိုင်ဦး၊ မောင်မောင်စိုး၊ အောင်မျိုးထွေး၊ မျိုးဇော်ဦး
ရှေ့တန်း - အောင်သူ၊ သန်းပိုင်၊ မောင်မောင်လွင်

မြန်မာအသင်း ပွဲစဉ်များ
အုပ်စု(A) - နယူးဇီလန်၊ မြန်မာ၊ ယူကရိန်း၊ အမေရိကန်
၃၀-၅-၂၀၁၅ ၁၀း၃၀ နာရီ မြန်မာ - အမေရိကန်
၀၂/၀၆/၂၀၁၅ ၇း၃၀ နာရီ မြန်မာ - ယူကရိန်း
၀၅/၀၆/၂၀၁၅ ၁း၃၀ နာရီ မြန်မာ - နယူးဇီလန်
(ဓာတ်ပုံ - ညီညီစိုးညွန့်)

Myanmar Kyat Converter
No comments:
Post a Comment