
ပြတ်ပြတ်သားသား ပီပီပြင်ပြင်
ကိုယ့် choice နဲ့ကိုယ် ကိုယ့်ဘဝကို အကောင်းဆုံး နေသွားနိုင်တဲ့လူက...
လောကကြီးကိုလည်း အများဆုံး အကျိုးပြုတဲ့ လူဖြစ်တယ်။
တာဝန်တစ်ခုကို ယူထားရတယ်ဆိုရင်လည်း ဒီလိုပဲ။ ကိုယ်က တာဝန်တစ်ခုကို မယူချင်ဘဲနဲ့ ယူထားရတယ်ဆိုရင် ဝတ္တရားကျေရုံပဲ လုပ်တော့မယ်။ တစ်ခါတလေ ဝတ္တရားကျေရုံတောင် မဟုတ်တော့ဘူး၊ ဝတ္တရားကျေတယ်လို့ အထင်ခံရရုံပဲ လုပ်တော့မယ်။ သူ့ choice မှ မဟုတ်တာ။ အဲသလိုဆိုရင် သူ့ life ကိုသူ choose လုပ်တာ မဟုတ်တော့ဘူး၊ သူ့ဘဝသူ ရွေးချယ်တာ မဟုတ်တော့ဘူး။ အဲသလိုလူဟာ အဲဒီအချိန်မှာ သူဟာ သေသွားနေတဲ့လူနဲ့ တူတယ်။
အချိန်တိုင်း
အချိန်တိုင်းက သေသွားနေတဲ့အချိန်ပဲ ဖြစ်တော့မယ်။ ရှင်သန်နေတဲ့အချိန်လို့
ပြောလို့မရဘူး။
အဲဒီတော့ တစ်ခုခုကို လုပ်ရတော့မယ်ဆိုရင် သေသေချာချာ မေးပါ။
ငါ အဲဒါကို ကျေကျေနပ်နပ် ရွေးချယ်လိုက်ပြီလားလို့၊ကျေကျေနပ်နပ်
ရွေးချယ်လိုက်တယ်ဆိုရင် လွတ်လပ်တဲ့လူ ဖြစ်နေတယ်။
ကျေကျေနပ်နပ် မရွေးချယ်ဘူး၊ တစ်ယောက်ယောက်ရဲ့ အကျပ်ကိုင်မှုကြောင့်
မလုပ်ချင်ဘဲနဲ့ လုပ်နေရပါတယ် ဆိုရင်တော့ အဲဒါ မလွတ်လပ်တဲ့လူ ဖြစ်သွားပြီ။
အဲဒီတော့ မနက် အိပ်ယာက နိုးတာနဲ့ တပြိုင်နက် တစ်နေ့တော့ နိုးလာပြီ၊
ဒီတစ်နေ့တာကို ငါ ကျေကျေနပ်နပ် ရွေးချယ်လိုက်ပြီ၊ ဒီတစ်နေ့တာကို ငါ အပြည့်ဝဆုံး
နေသွားတော့မယ်။ I choose to live fully today. ဒီတစ်နေ့တာကို ငါ ကျေကျေနပ်နပ်
ပြည့်ပြည့်ဝဝနေဖို့ ရွေးချယ်လိုက်ပြီး၊၊ ဒါ ငါ ရွေးချယ်လိုက်တာပဲ၊ ဒီတစ်နေ့တာအတွင်းမှာ ငါ လုပ်သမျှအလုပ်ကို ငါ
လက်ခံပြီးတော့ ကျေကျေနပ်နပ် လုပ်မယ်။ အဲဒါ ငါ့ choice ပဲ။
လူအတော်များများဟာ သူတို့ဘဝကို blind momentum နဲ့ နေသွားနေတာ၊၊
ကိုယ့်ဥာဏ်နဲ့ ကိုယ် သိပြီးတော့ မဟုတ်ဘဲ သူ့အရှိန်နဲ့သူ လိမ့်နေတဲ့အထဲမှာ ပါသွားနေတာ။
ရေစီးအား အင်မတန်ပြင်းထန်တဲ့ မြစ်ထဲမှာ မျောပါသွားသလိုပဲ ပါသွားနေတာ။ ပြီးတော့ (routine existence) သေသေချာချာလည်း စဉ်းစားမနေတော့ဘဲနဲ့ သူ့ဟာသူ သမရိုးကျ
လုပ်ရိုးလုပ်စဉ်၊ ဘာကိုလုပ်မှန်းတောင် မသိလိုက်ဘဲနဲံ့ လုပ်ပြီးတော့ နေသွားနေကြတာ။
အဲဒီတော့ အဲသလိုနေတဲ့လူရဲ့ဘဝဟာ ဘယ်လိုမှ အသက် မဝင်နိုင်တော့ဘူး။
ကိုယ့်ဘဝကိုကိုယ် ရွေးချယ်ပြီးတော့ နေလိုက်တယ်ဆိုရင် အသက်ဝင်လာပြီ၊
ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီးတော့ နေသွားနေပြီ။ ဒီလိုနေမယ်၊
ဒီလိုလုပ်မယ်ဆိုတဲ့ ပြတ်သားမှု ရှိတယ်။ အခုန ပြောသလို blind momentumမဟုတ်တော့ဘူး၊
routine existence မဟုတ်တော့ဘူး။ အသက်ဝင်နေတယ်။
ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီးတော့ ပီပီပြင်ပြင် နေသွားနေတယ်၊၊
ဒါကြောင့် “ဒီတစ်နေ့တာဟာ ငါ့အတွက် အဓိပ္ပါယ်ရှိတဲ့ တစ်နေ့တာ ဖြစ်အောင်နေမယ်” လို့ မနက်စောစောကထဲက စဉ်းစားထားရင် ကောင်းတယ်။ ကိုယ့်ကိုယ်ကို
သတိပေးထားရင် ကောင်းတယ်။
မနက်စောစောထပြီးတော့ တိတ်ဆိတ်အေးချမ်းတဲ့ အချိန်လေးမှာ စိတ်ကို တည်ငြိမ်
အေးချမ်းသွားအောင် စုစည်းပြီးတော့ထားတဲ့ အလေ့အကျင့်လေး လုပ်သင့်တယ်။
အသက်ရှုတာလေးကို သိသိပြီးတော့ စိတ်ကို အေးချမ်းအောင် လုပ်သင့်တယ်။ စိတ် အေးချမ်းသွားတဲ့အခါမှာ “ငါ့ဘဝဟာ အင်မတန်
အဓိပ္ပာယ်ရှိတဲ့ လေးနက်တဲ့ ဘဝဖြစ်တယ်၊ ငါ့အချိန်တွေဟာ အင်မတန်အဓိပ္ပာယ်ရှိတဲ့
လေးနက်တဲ့ အချိန်တွေဖြစ်တယ်။ ဒါကြောင့် အမှတ်တမဲ့ မနေဘူး၊ အမှတ်တမဲ့ မလုပ်ဘူး၊၊ လုပ်သမျှကိစ္စကို အသိဥာဏ်လေးနဲ့
စဉ်းစဉ်းစားစား ရွေးချယ်ပြီးတော့ ကျေကျေနပ်နပ်ကလေး လုပ်လိုက်မယ်” လို့
ဒီလိုသဘောထားနဲ့ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချထားပြီးတော့ အဲဒီအတိုင်းသာ
နေသွားမယ်ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာဟာ ပိုပြီးတော့ အဓိပ္ပာယ်ရှိမယ်။
ကျေနပ်မှုလည်း အများကြီးရမယ်။
ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်က ဘာလဲ။ ကိုယ် တကယ် စိတ်အေးချမ်းမှု၊
စိတ်ကြည်လင်မှု၊ စိတ်ချမ်းသာမှုကိုရမယ့် အလုပ်မျိုးဟာ ဘာလဲ။
ကိုယ့်အရည်အချင်းတွေကို အများဆုံးထွက်လာအောင် ထုတ်ဖော်ပြီး
အသုံးချရမယ့်အလုပ်မျိုးဟာ ဘယ်လိုအလုပ်မျိုးလဲ ဆိုတာကို သိပြီးတော့
ကိုယ့်အရည်အချင်းတွေကို အများဆုံးသုံးနိုင်မယ့် အခြေအနေမျိုးကို နေ့တိုင်း
ပြုစုပျိုးထောင်သွားဖို့ လိုတယ်။ ကိုယ့်ဘဝမှာ အဲသလိုနေသွားရင်းနဲ့ သိရှိလာတဲ့
အမှန်တရားလေးတွေ သဘာဝနဲ့ပတ်သက်တဲ့ အမှန်တရားလေးတွေကို စိတ်ထဲမှာ
သေသေချာချာ လေးလေးနက်နက် စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုတယ်၊ ခံယူထားဖို့ လိုတယ်။
ကျော်ကြားမှုရဲ့ ကျေးကျွန်အဖြစ်နဲ့ မနေဘဲနဲ့၊ အဓိပ္ပာယ်ရှိတာတွေ လုပ်ပြီးတော့
အောင်အောင်ြမင်မြင် နေသွားတဲ့လူတွေ ဖြစ်သွားအောင် နေသွားဖို့ လိုတယ်။
အမှတ်တမဲ့ နေမယ်၊ ဆုံးဖြတ်ချက် ပီပီပြင်ပြင်
မရှိဘဲနဲ့နေမယ် ဆိုရင်တော့ အဓိပ္ပာယ်ရှိတဲ့ဘဝ ဖြစ်လာမှာ မဟုတ်ဘူး။
ဒါကြောင့် ကိုယ့် life ကိုကိုယ် choose လုပ်ဖို့ဆိုတာ သိပ်အရေးကြီးတယ်။
ကိုယ့်ဘဝကို ကိုယ် ရွေးချယ်ဖို့ဆိုတာ သိပ်အရေးကြီးတယ်။ ကိုယ် ဘယ်သူတွေနဲ့
ဘယ်လိုပေါင်းမယ်၊ အသိမိတ်ဆွေဖွဲ့မယ် ဆိုတာလည်း ကိုယ် ရွေးချယ်ယူရမှာပဲ။
ဒါ ကိုယ့် choece ပဲ။ အဲသလို ကိုယ့် choice နဲ့ကိုယ် ကိုယ့်ဘဝကို အကောင်းဆုံး
နေသွားနိုင်တဲ့လူဟာ လောကကြီးကိုလည်း အများဆုံး အကျိုးပြုတဲ့လူ ဖြစ်တယ်။
အခုနက ပြောတဲ့ ဥပမာအတိုင်းဆိုရင်နော်၊ ဒီလို မိတ်ဆုံစားပွဲကို စိတ်မပါဘဲနဲ့၊
ဒီမှာလာကြမယ့် လူတွေအပေါ်မှာ ခင်မင်မှု ယုံကြည်မှု
လေးစားမှုဆိုတာ မရှိဘဲနဲ့ ဒါကို ဂုဏ်တစ်ခုအနေနဲ့ပဲ လက်ခံပြီးတော့
ဝတ်ကောင်းစားလှတွေ ဝတ်ပြီးတော့ မျက်နှာပြရရုံလောက်၊ ကြွားရရုံလောက်
သဘောထားမျိုးနဲ့ လာတဲ့လူဟာ ဒီမှာရောက်နေတဲ့လူတွေကို ဘယ်လိုနည်းနဲ့
အကျိုးပြုမှာလဲ။ သူ ဘယ်လိုမှ အကျိုးမပြုနိုင်ဘူး၊ သူ့စေတနာ မှားနေတယ်။
အဲသလိုပဲ လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ
လောကကိုအကျိုးပြုတဲ့လူ မဖြစ်နိုင်ဘူး။ ရိုးသားမှုအပြည့်နဲ့ ကိုယ့်ရဲ့ တကယ့်
အရည်အချင်း တကယ့် စိတ်စေတနာတွေကို ဖော်ထုတ်ပြီးတော့ အသုံးချနေတဲ့သူသာလျှင်
လူ့လောကကို တကယ်အကျိုးပြုတဲ့လူ ဖြစ်မယ်။ ပီပြင်တဲ့ choice မရှိတဲ့လူဟာ အကျိုးမပြုနိုင်ဘူး။
ကိုယ့်ကိုယ်ကို သတိပေးဖို့လိုတယ်နော်။ ငါမသေချင်ဘူး။ ငါမသေချင်သေးဘူးဆိုတာက အသက်မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ငါ လုပ်နိုင်သမျှ
အကောင်းဆုံးတွေကို အများဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မသေချင်တာ။ ငါဟာ
လောကကြီးအတွက် ဝန်ထုပ်ကြီး ဖြစ်မနေရဘူး။ ငါဟာ အများကို အကျိုးပြုနေတဲ့လူလား၊
ဒါမှမဟုတ် အများကို အသုံးချပြီးတော့ ကိုယ်ကျိုးကို ရှာနေတဲ့လူလား။
🇯🇵🇯🇵 ➖➖➖🍄🍄➖➖➖🇯🇵🇯🇵
♻ ဆရာတော်ဦးဇောတိက ♻️
🍁 ( မဟာမြိုင်တောရ ) 🍁
▫️▫️▫️ ၏ ▫️▫️▫️
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ် စာမျက်နှာ( ၁၃၉-၁၄၃) မှ ကူးယူဖော်ပြပါသည်၊၊

Myanmar Kyat Converter
No comments:
Post a Comment