

ကိုယ်က ရတဲ့အခါမှာ ပျော်တဲ့စိတ်နဲ့ ပေးနိုင်လို့ ပေးရတဲ့အခါမှာ ပျော်တဲ့စိတ်ကို ကြည့်တဲ့အခါမှာ ဒီစိတ်နှစ်ခုက တော်တော်ကွာတာကို
တွေ့ရတယ်။ ဒါကြောင့် ပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။
အဆင်ပြေအောင် စိတ်ချမ်းသာအောင် ရေရှည် နေသွားချင်တယ်ဆိုရင် သူတစ်ပါးရဲ့ လိုအပ်ချက်ကို အမြဲတမ်း ထည့်စဉ်းစားပေးဖို့ လိုတယ်။ ကိုယ် ဘာလိုအပ်တယ် ဆိုတာလည်း ကိုယ့်ဟာကိုယ် သိဖို့လိုတယ်။
ကိုယ်လိုတာကိုလည်း ရအောင်လုပ်ပါ။ နည်းမျိုးစုံနဲ့ လုပ်ပါ။ သူများလိုအပ်တာကိုလည်း ပေးပါ။
သူတစ်ပါးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာဟာ ကိုယ့်မှာ ရှုံးသွားတာ
မဟုတ်ဘူး၊ ကိုယ့်ရဲ့သဘောထားကြီးမှု ကိုယ့်ရဲ့ မြင့်မြတ်မှုကို ပိုပြီးတော့ အကောင်အထည် ဖော်လိုက်ရတာ။ ကိုယ့်ရဲ့ မေတ္တာ ကရုဏာ၊ ကိုယ့်ရဲ့ စေတနာကို အကောင်အထည် ဖော်လိုက်ရတာ။ သိပ်ကျေနပ်စရာ ကောင်းတယ်။ ဒါကြောင့် သူတစ်ပါးကို လိုက်လျောရတာဟာ ရှုံးတာ မဟုတ်ပါဘူးနော်။ အမှန်တော့
မြတ်တာပါ။ ရှုံးတာလည်း မဟုတ်ဘူး၊ နိုင်တာလည်း မဟုတ်ဘူး၊ မြတ်သွားတာ။
သူတစ်ပါးကို ကိုယ်ချင်းစာလိုက်တာဟာ သူ့ကိုပေးလိုက်တာပဲ။ ဒါလည်း ဒါနတစ်မျိုးလို့ သဘောထားစေချင်တယ်။ အလှူတစ်မျိုးပဲ။ ဒီလိုပေးလိုက်ရတာဟာ အရှုံးပေးလိုက်ရတာလား။ အရှုံးပေးလိုက်ရတာလည်း မဟုတ်ဘူး၊ အနိုင်
ယူလိုက်တာလည်း မဟုတ်ဘူး။ ဒီနေရာမှာ အနိုင် အရှုံးကို စဉ်းစားဖို့မလိုဘူး။ ဒါပေမဲ့ အမြတ်တော့ ရလိုက်တယ်။ မြင့်မြတ်တဲံစိတ်ထားကို ရလိုက်တယ်။
လူတွေဟာ ကိုယ့်ကိုယ်ကို အင်အားကြီးတဲ့သူ ဆိုတဲ့ ခံစားမှုမျိုးကို လိုချင်ကြတယ်။ အဲဒါကို မှန်ကန်တဲ့ နည်းနဲ့ရအောင် လုပ်သင့်တယ်။ ပေးတဲ့သူက အင်အားကြီးတဲ့သူ ဆိုတာကို နားလည်သင့်တယ်။ ပေးနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ် ဖြစ်တယ်။ မပေးနိုင်တဲ့စိတ်ဟာ
မလွတ်လပ်တဲ့စိတ် ဖြစ်တယ်၊ မအေးချမ်းတဲ့စိတ် ဖြစ်တယ်၊ တွန့်တိုတဲ့စိတ် ဖြစ်တယ်။ အင်အားကြီးတဲ့သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ်။ အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့သူ ဖြစ်တယ်၊၊ အင်အားကြီးတဲ့သူဟာ ဒီလို အသေးအမွှား (လမ်းပိတ်မောင်းတဲ့) နည်းမျိုးနဲ့ အနိုင်မယူဘူး။ အင်အားကြီးတဲ့သူဟာ
အနိုင် အရှုံးကို မစဉ်းစားဘူး။ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာပဲ စဉ်းစားတယ်။ အင်အားကြီးတဲ့သူဟာ အသိဥာဏ်နဲ့ ယှဉ်ပြီး စဉ်းစားတယ်။ ဆုံးဖြတ်တယ်။ ပုဂ္ဂိုလ်စွဲမပါ၊ ဘက်လိုက်တာမပါဘဲ လက်ရှိအခြေအနေမှာ
အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အကျိုးအရှိဆုံးကို ရွေးပြီး လုပ်တယ်။
အသိဥာဏ်က ရွေးချယ်တယ်။ ဆုံးဖြတ်တယ်။ အတ္တစွဲက ရွေးချယ်တာ ဆုံးဖြတ်တာ မဟုတ်ဘူး။
ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲရဲ့ လွှမ်းမိုးမှုကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့၊ ဘက်လိုက်တဲ့စိတ်နဲ့၊ မသင့်တော်မှန်း သိရက်နဲ့ မသင့်တော်တာကို လုပ်နေတဲ့သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို မရနိုင်ဘူး။
ကိုယ့်ဘဝ ဘယ်လောက် အောင်မြင်တယ် ဆိုတာကို ကိုယ် ဘယ်လောက်များများ
ရတယ်ဆိုတာနဲ့ မတိုင်းတာပဲ ကိုယ်ဘယ်လောက် များများ ပြန်ပေးသလဲဆိုတာနဲ့ တိုင်းတာရင် ပိုကောင်းတယ်။
ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အပေးအယူ ရှိနေတယ်။ များများ ပေးနိုင်ရင် များများ ပြန်ရတယ်။ ကိုယ့်အလုပ်က လူအများကို ထိထိရောက်ရောက်
ကောင်းကျိုးပြုနိုင်လေလေ လူတွေက ကိုယ့်အလုပ်ကို ပိုပြီး လိုချင်လေလေပဲ၊၊ လူတွေအတွက် ပိုပြီးတော့ အကျိုးများတဲ့၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်နိုင်လေလေ၊ ကိုယ်ကလည်း လူ့အဖိုးတန် ဖြစ်လေလေပဲ။
အဖိုးတန်ပစ္စည်းတွေ ဝယ်ထားရုံနဲ့၊ အဖိုးတန်ပစ္စည်းတွေ သုံးနေရုံနဲ့
လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန် ဖြစ်ချင်ရင် လူတွေကို ကောင်းကျိုးပြုတဲ့ အလုပ်ကို များများလုပ်မှပဲ ရတယ်။ အဖိုးတန်တဲ့အလုပ်ကို လုပ်ဖို့ဆိုတာ စိတ်ထားလည်း ကောင်းမှ၊ ရိုးသားမှုလည်း ရှိမှ၊ ဝီရိယလည်း ရှိမှ၊ အသိဥာဏ်လည်း ရှိမှ၊ အရည်အချင်းလည်း ရှိမှ၊
ကိုယ့်ကိုယ်ကိုလည်း လေးစားမှု ရှိမှ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ လေးစားမှုကိုလည်း ရမှ ဖြစ်မယ်။ ကိုယ့်ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက
မလေးစားဘူး၊ အသိအမှတ်မပြုဘူး၊ နေရာမပေးဘူးဆိုရင် ကိုယ့်အတွက်
နေရာမရှိတော့ဘူး။ ကိုယ့်အတွက် နေရာမရှိတော့ရင် ကိုယ့်အတွက် လုပ်စရာလည်း
မရှိတော့ဘူး။🌿🌿🌿
➖➖➖🍄🍄➖➖➖
⚡️ဆရာတော်ဦးဇောတိက⚡️
( မဟာမြိုင်တောရ )
၏
🌱“ တွေးမိတိုင်းပျော်တယ် ” 🌱
စာအုပ်မှ
ကူးယူဖော်ပြပါသည်၊၊
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment