🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
အတွင်းစိတ်ဓါတ် အင်အား
ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေ ထွက်လာပြီရင် အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ ထွက်နေအုံးမယ်၊ ခမ်းမသွားဘူး။
အင်အားရဲ့ဗဟိုအချက်၊ အင်အားရဲ့ပင်ရင်းကို ကိုယ့်ရင်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာပဲ ရှာဖွေတွေ့ရှိနိုင်တာဟာ ရေရှည်မှာ ကိုယ့်အသိုင်းအဝိုင်းထဲက တခြားလူတွေအတွက် ကိုယ့်အနေနဲ့ ပေးလိုက်တဲ့ အကောင်းဆုံး အကျိုးဆောင်ရွှက်မှုပဲ ဖြစ်တယ်။
ကိုယ့်စိတ်ထဲမှာ ခိုင်မာတဲ့၊ သံလိုက်လို ကိုယ့်အင်အားတွေကို စုစည်းပေးနိင်တဲ့ centre ကို အပြင်ကနေ တယောက်ယောက်က ထည့်ပေးလို့ မရနိုင်ဘူး။ ကိုယ့်ကို စိတ်ဓါတ်အင်အား ကြီးမားတဲ့သူဖြစ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။
စိတ်မှာ စုစည်းမှုရှိလာလို့ရှိရင် စိတ်မှာ အင်အားကြီးတဲ့ ဗဟိုဌာနလေး တခုလို ဖြစ်လာတယ်။ စိတ်ရဲ့အတွင်းထဲမှာဘဲ Inner strength အတွင်းအင်အား ဖြစ်လာတယ်။ စိတ်ကစဉ့်ကလျား ပြန့်ကျဲနေတဲ့သူဟာ သူ့စိတ်မှာ အင်အားမရှိဘူး။ Inner strength မရှိဘူး။ တန်ခိုးသတ္တိ မရှိဘူး။
လွတိလပ်မှု လုံးဝ မရှိတဲ့လူဟာ စိတ်ထင်တိုင်း လုပ်တယ်။ ဥာဏ်နဲ့သိပြီးတော့၊ တည်ငြိမ်အေးချမ်းတဲ့ အသိဥာဏ်ရှိတဲ့စိတ်နဲ့ ကြည့်ပြီးတော့ လုပ်သင့်လို့၊ ကောင်းလို့၊ အကျိုးရှိလို့ ဆုံးဖြတ်ပြီးတော့ လုပ်လိုက်ရတာဟာ လွတ်လပ်မှု။ ဒါကြောင့် စိတ်ထဲမှာ စုစည်းမှု မရှိတဲ့၊ စိတ်ဓါတ်အင်အား မပြည့်တဲ့သူမှာ လွတ်လပ်မှု မရှိဘူး။
ငါဘာကို တန်ဖိုးထားပြီး နေသွားသလဲ၊ ငါ တန်ဖိုးထားတာပေါ်မှာ ငါ့ယုံကြည်မှု ဘယ်လောက် ခိုင်မာသလဲ၊ အဲဒါပေါ်မှာ မူတည်ပြီးတော့ ငါ့စိတ်ဓါတ်အင်အား၊ ငါ့ကိုယ်ကျင့်သိက္ခာ၊ ငါ့စိတ်ရဲ့စုစည်းမှု ဆိုတာတွေ ဖြစ်လာတာ။
အတွင်းစိတ်ထားနဲ့ အပြောနဲ့အလုပ်နဲ့ တထပ်တည်း ဖြစ်လာရင် စိတ်ဓာတ်အင်အား အများဆုံး ထွက်လာတယ်။
ကုသိုလ်ထဲမှာ သမ္မာဒိဠိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်၊၊ တရားအားထုတ်တာဟာ မှန်ကန်တဲ့အမြင်ကိုရဖို့ အားထုတ်တာ။ တရားအားထုတ်လို့ဖြစ်လာတဲ့ အသိဥာဏ်က ပိုပြီးတော့ စိတ်ရဲ့စွမ်းအားကို ကြီးအောင် လုပ်ပေးနိင်တယ်။ ဒါသေချာတယ်။ လက်တွေ့ စမ်းကြည့်လိုက်၊ ကိုယ်တွေ့ သိသွားမှာဘဲ။
ကုသိုလ်မှန်း သိပြီးတော့ အဲဒီကုသိုလ်ကို လုပ်ရင်းနဲ့ စိတ်ဓာတ်အင်အားကို ကြီးသည်ထက် ကြီးလာအောင်၊မြင့်သည်ထက် မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ ပညာတတ်ပဲ။
ဖြစ်ဖို့ မသေချာတဲ့ကိစ္စ၊ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အလားအလာတော့ နည်းနည်းရှိတယ်- အဲဒါကို အစွမ်းကုန်ကြိုးစားပြီး နေတဲ့သူဟာ စိတ်ဓာတ်အင်အား ကြီးတဲ့သူ။ ဖြစ်မှာ သေချာတာကိုမှ လုပ်ချင်တဲ့သူဟာ စိတ်ဓာတ်အင်အား နည်းတဲ့သူ။
စိတ်ဓာတ် ခိုင်မာတဲ့သူ၊ စိတ်ကျန်းမာရေး ကောင်းနေတဲ့သူဟာ လုပ်စရာရှိတာ စိတ်ဝင်စားတာကို လုပ်နေတတ်တယ်။ သူ့စိတ်က သောကဖြစ်စရာကို ရှာကြံပြီး တွေးမနေတတ်ဘူး။ တရားသတိနဲ့နေတဲ့ အလေ့အကျင့် ရနေတဲ့သူဟာလည်း စိတ်ကို ပစ္စုပ္ပါန်မှာဖြစ်နေတာ၊ လုပ်နေတာကို သိပြီးနေတယ်။ အတွေးထဲမှာ မျောမနေဘူး။ သတိနဲ့နေတတ်ရင် စိတ်ကြည်လင်ပေါ့ပါးတယ်။ အတွေးများလာရင် စိတ်ပင်ပန်းတယ်။ စိတ်ဟာ စိတ်ကူးယဉ်ပြဿနာတွေကို ဖန်တီးတတ်တယ်။ ဒါကိုတော်တော် သတိထားဖို့ လိုတယ်။
အဆင်မပြေတဲ့ အခြေအနေတွေနဲ့ ကြုံတဲ့အခါ ကိုယ့်စိတ်ကိုကိုယ် ခိုင်ခိုင်မာမာ ထားနိုင်တဲ့သူဟာ ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာ ထားနိုင်တဲ့သူလို့ ပြောလို့ရတယ်။
🌹🌹
သာမာန်လူတွေဟာ အခြေအနေက သူတို့ကို တွန်းတယ်။ အခြေအနေက တွန်းတဲ့ဘက်ကို သူတို့ သွားတာပဲ။ အခြေအနေတခုခု ပြောင်းသွားရင် သူတို့ လုပ်ပုံကိုင်ပုံလည်း ပြောင်းသွားတာပဲ။ စိတ်နေသဘောထား တွေကအစ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေက အစ ပြောင်းသွားပြန်တာပဲ။ ခိုင်မာတဲ့၊ တိကျတဲ့၊ ပြတ်သားတဲ့ ဦးတည်ချက် မရှိဘူး။ သတိ သမာဓိ ကောင်းလာတဲ့သူဟာ အခြေအနေပြောင်းလည်း သူ လိုက်မပြောင်းဘူး။ သူ့မှာ နဂိုထဲက မှန်းထားတဲ့ ဦးတည်ချက် ရှိတယ်။ အဲဒီ ဦးတည်ချက်ကို ခိုင်ခိုင်မာမာ သူ သွားနေတာပဲ။ အဲဒီတော့ သူဟာ ပြင်ပရဲ့ လွှမ်းမိုးမှု သိပ်မခံရဘူး။ ပြင်ပ အင်အားတွေက သူ့ကို တစုံတခုဖြစ်အောင် မလုပ်နိုင်ဘူး။ အင်မတန်ခိုင်မာတယ်။
🌹🌹🌹
အခုခေတ်လူတွေမှာ တာဝန်ပိုကြီးတယ်လို့ ပြောရမယ်။ တကယ်သိအောင်လုပ်ဖို့ရာ ပိုပြီးတော့ ကြိုးစားရတယ်။ ရှေးခေတ်က လူတွေဟာ အားကိုးစရာ မှီခိုစရာ သတ္တိကို အပြင်ကနေ ရကြတာ များတယ်။ သူများအပေါ်မှာ မှီပြီးမှ ရတဲ့ အင်အားမျိုး ဖြစ်နေတယ်။ အုပ်စုကနေရတဲ့ အင်အားပေါ့။ အခုခေတ် လူတွေက အုပ်စုကနေရတဲ့ အင်အားကို ရဖို့ ခဲယဉ်းသွားပြီ။ ဘယ်အုပ်စုထဲမှာမှ မပါတော့တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွေးတတ်တဲ့သူဟာ အုပ်စုထဲကိုဝင်ဖို့ မလွယ်ဘူး။ အခုခေတ်မှာ ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစားဖို့ ပိုတောင် အရေးကြီးလာပြီ။ ကိုယ့်ရဲ့အင်အား၊ ကိုယ့်ရဲ့သတ္တိ၊ ကိုယ့်ရဲ့ပြတ်သားမှုဟာ ကိုယ့်အတွင်းကပဲ လာမှ ရတော့တယ်။ ဒါကြောင့် အခုခေတ်လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပိုပြီးတော့ အရေးကြီးလာပြီ။ ဒါကို မလုပ်လို့ မဖြစ်တော့ဘူး။ ကိုယ့်စိတ်ကိုကိုယ် တကယ်မသိရင် ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ပါရမီ၊ ကိုယ့်အထုံဗီဇ၊ ကိုယ့်ဝါသနာ အဲဒါတွေကို တကယ်မသိလို့ရှိရင် ယောင်လည်လည်နဲ့ မရေရာတဲ့ဘဝမှာဘဲ နေသွားရင်းကနေ အဓိပ္ပါယ်မရှိပဲနဲ့ သေသွားမှာဘဲ။ သေသည်ထိအောင် ကိုယ့်ဘဝကိုကိုယ် ကျေကျေနပ်နပ် နေသွားလို့ ရမှာ မဟုတ်ဘူး။
🌹🌹🌹
သာမာန်လူတွေရဲ့စိတ်ဟာ ရှုပ်ထွေးပြီး နောက်နေတဲ့အတွက်ကြောင့် သူတို့မှာ inner space (စိတ်ထဲမှာရှင်းနေတဲ့နေရာ) မရှိဘူး။ ရှုပ်ထွေးပြည့်ကျပ်နေတယ်။ သတိ သမာဓိ ရှိတဲ့သူ၊ ကြည်လင်အေးချမ်းတဲ့သူ၊ အသိဥာဏ်ခိုင်မာတဲ့သူမှာ စိတ်ထဲမှာ ရှင်းနေတဲ့နေရာ ရှိတယ်။ သူ စိတ် ပင်ပန်းလာရင် သူ့မှာ နေစရာနေရာ ရှိတယ်။ အဲဒီစိတ်ဟာ သူ့အတွက် နေစရာနေရာပဲ။ သူ့အိမ်ပဲ။ သူ့စိတ်ကိုသူ tunning လုပ်ပြီးတော့ အသာလေး အဲဒီ inner space ထဲမှာပဲ နေလိုက်တယ်။ ဒီနေရာလေးက လွတ်လပ်တဲ့ နေရာလေး၊ အေးချမ်းတဲ့ နေရာလေး။
🌹🌹🌹
ကိုယ့်ရဲ့လောကဟာ ကိုယ့်ရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်။ စိတ်မှာ စုစည်းမှုရှိလေလေ၊ စိတ်မှာ အင်အားရှိလေလေ၊ စိတ်မှာ လွတ်လပ်မှုရှိလေလေ- အဲသလို စိတ်ရဲ့ အခြေအနေပေါ်လိုက်ပြီး ကိုယ့်ရဲ့လောကဟာ အဆင့်မြင့်လေလေပဲ။ ဒါကြောင့် တယောက်နဲ့တယောက် လောကချင်း မတူဘူး။ တဦးစီတဦးစီမှာ လောကတခုစီ ရှိတယ်လို့ ပြောလို့ရပါတယ်။ လောကမှာ အဆင့်နိမ့်တာ အဆင့်မြင့်တာတွေ အမျိုးမျိုး ပြောနေဆိုနေ ကြတာတွေ ရှိတယ်နော်။ ဘဝအဆင့် မြင့်မားတယ်ဆိုတာ ဘာလဲဆိုတော့ အတွင်းစိတ်ဓာတ်ရဲ့မြင့်မားမှု၊ အသိအမြင်ရဲ့မြင့်မားမှုကို မြင့်တယ်လို့ ပြောတာနော်။
🌹🌹🌹
စိတ်ဓာတ်နဲ့အသိဥာဏ် မြင့်မားလေလေ၊ စိတ်ရဲ့အရည်အသွေးကို ပိုတန်ဖိုးထားလေလေပဲ။ သတိ သမာဓိ ကောင်းလေလေ စိတ်ကြည်လင်မှု အေးချမ်းမှုရှိလေလေ၊ အဲဒီ စိတ်ချမ်းသာမှုကို ပိုပြီး တန်ဖိုးထားလေလေပဲ။
🌹🌹🌹
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူမှသာ လူ့အသိုင်းအဝိုင်းကို တကယ် အကျိုးပြု နိုင်တယ်။
🌹🌹🌹
စိတ်ထား လေးနက်ခိုင်မာတဲ့သူ၊ တကယ် တန်ဖိုးထားထိုက်တာကို တန်ဖိုးထားနိုင်တဲ့သူဟာ လူ့အသိုင်းအဝိုင်းကို ထိထိရောက်ရောက် အကျိုးပြုနိင်တယ်။ ကိုယ့်အနားမှာ ပတ်ဝန်းကျင်မှာ လူတွေက ပြာယာခတ်နေတဲ့အချိန်မှာ ကိုယ်က စိတ်ဓာတ်အင်အား ပြည့်ပြည့်ဝဝနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ လုပ်သင့်တာကို ပုံမှန်လေး လုပ်သွားနိုင်ခြင်းအားဖြင့် ပတ်ဝန်းကျင်မှာ ငြိမ်သက်သွားအောင် အင်အားတခုကို ကိုယ်က ပေးလိုက်သလို ဖြစ်သွားတယ်။ ကိုယ့်ရဲ့ တည်ငြိမ်အေးဆေးမှုက ပတ်ဝန်းကျင်ကို တည်ငြိမ်အောင် အထောက်အကူ ပေးတယ်။ အဲသလို နေနိုင်တဲ့လူတွေ လူ့အသိုင်းအဝိုင်းမှာ လိုအပ်တယ်။👌👌👌
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
🌟“ တွေးမိတိုင်းပျော်တယ် ”🌟
စာအုပ်မှ
ကူးယူဖော်ပြပါသည်၊၊
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment