တွေးမိတိုင်းပျော်တယ်
လွတ်လပ်မှု ( ၇ )


ကိုယ့်အဖွဲ့အစည်းထက် မှန်ကန်တဲ့မူ မှန်ကန်တဲ့ခံယူချက်ကို ဦးစားပေးတယ်။ ကိုယ့်အဖွဲ့အစည်းက မှားနေရင် အဲဒီအမှားကို ထောက်ပြမယ်။ အမှားကို အမှန်လို့ လှည့်စားပြီး မပြောဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ အမှားကို မဖုံးကွယ်ဘူး။ အဖွဲ့အစည်းထက် အမှန်တရားကို ပိုပြီး တန်ဖိုးထားတယ်။ အဖွဲ့အစည်းထက် အမှန်တရားကို ဦးစားပေးတဲ့သူဟာ လွတ်လပ်တဲ့သူ ဖြစ်တယ်။
လက်အောက်ခံဆိုတာ ခိုင်းတာ လုပ်ရတယ်။ ခိုင်းတာလုပ်ရင် တာဝန်ကျေပြီး ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲလို့ စဉ်းစားစရာ မလိုဘူး။ ခိုင်းတာလုပ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာတဲ့ အခြေအနေ၊ အဖြေရှာရတဲ့ အခြေအနေ မရှိဘူး။ သေချာနေတယ်။ သေချာနေတာဟာ သေနေတာပဲ။
အခွင့်အရေးထူး ပေးထားတာဟာ လွတ်လပ်မှု ပေးတာ မဟုတ်ဘူး။ အခွင့်ထူးကို ရထားတဲ့သူဟာ အသနားခံဘဝကို ရထားတဲ့သူပဲ။
အခွင့်အရေးနည်းနည်းရဖို့ လွတ်လပ်မှုကို အဆုံးရှုံးခံတဲ့သူဟာ မကြာခင်မှာ အခွင့်အရေးလည်း ဆုံးရှုံးသွားမယ်၊ လွတ်လပ်မှုလည်း ဆုံးရှုံးသွားမယ်။
တကယ်လွတ်လပ်တဲ့သူဟာ ကြမ်းတမ်းတဲ့သူ မဟုတ်ဘူး။ တကယ်လွတ်လပ်တဲ့သူဟာ အေးချမ်းနေတယ်၊ သူများကိုလည်း အေးချမ်းစေချင်တယ်။ သူများကို လွှမ်းမိုးချင်စိတ် မရှိဘူး။ သူများက ကိုယ့်ဘဝကို လွှမ်းမိုးတာကိုလည်း လက်မခံတဲ့သူ ဖြစ်တယ်။ သူ ဘယ်သူ့ဆီကမှ ဘာမှ မမျှောင်လင့်ဘူး၊ မလိုချင်ဘူး။ ဒါကြောင့် သူ့ကို ဘယ်သူမှ လွှမ်းမိုးလို့ မရဘူး။ သူ့ဘဝဟာ ရှင်းနေတယ်။
ဘယ်လိုကိစ္စမှာဖြစ်ဖြစ် သူများကို မှီခိုနေရရင် ကိုယ်က ကလေးလို နေရမယ်။ ကလေးနေရာမှာ နေရမယ်။ စားဝတ်နေရေးမှာ သူများကို မှီခိုနေရရင်လည်း ကလေးလို နေရမယ်။ ပညာရေးမှာ အသိဥာဏ်မှာ မှီခိုနေရရင်လည်း ကလေးပဲ။ စိတ်ချမ်းသာမှုအတွက် သူများကို မှီခိုနေရရင်လည်း ကလေးဘဝက မလွတ်လပ်သေးဘူး။ အစစ အရာရာမှာ ကိုယ့်အားကိုယ်ကိုးမှ လူကြီးဖြစ်မယ်၊ လွတ်လပ်မယ်။ လူကြီး ဖြစ်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လောက်အားကိုးသလဲ ဆိုတာနဲ့ပဲ ဆိုင်တယ်။ တကယ် လွတ်လပ်တဲ့သူ ဖြစ်ချင်ရင် ဒီတစ်နည်းပဲ ရှိတယ်။ ကိုယ့်အား ကိုယ်ကိုးရမယ်။ ကိုယ့်အသိဥာဏ်ကို ကိုယ် အားကိုးရမယ်။ ကိုယ့်လွတ်လပ်မှု လွတ်မြောက်မှုကို ကိုယ် ရအောင်လုပ်ရမယ်။
မျှော်လင့်ချက်အတုဆိုတာ ငါးစာနဲ့ တူတယ်။ မျှော်လင့်ချက် အတုဆိုတဲ့ ငါးစာကို ဟက်လိုက်တာနဲ့ ကိုယ့်လွတ်လပ်မှု ဆုံးရှုံးသွားပြီ။ မရနိုင်တာကို ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေရင်း အဖိုးတန်တဲ့ လွတ်လပ်မှု အစစ်ကို မရနိုင်တော့ဘူး။
လွတ်လပ်မှုဆိုတာ ဘာကိုခေါ်သလဲဆိုတာကို လေးလေးနက်နက် သိအောင် လူတိုင်း ကိုယ့်ဥာဏ်နဲ့ကိုယ် သေသေချာချာ လေ့လာနေရမယ်။ လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲဆိုတာကို သေသေချာချာမသိရင် လွတ်လပ်မှု အတုကိုပဲ ရမယ်။
လွတ်လပ်မှုအစစ်ဆိုတာ စိတ်ထဲမှာပဲ ရှိတယ်။ ကိုယ့်စိတ်ထဲမှာ လွတ်လပ်မှု မရှိတော့ရင် အပြင်က လွတ်လပ်မှုဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။ လွတ်လပ်မှု မရှိတာကို လွတ်လပ်မှု မရှိမှန်း မသိရင် လွတ်လပ်မှုရှိအောင် ဘယ်လိုလုပ်မလဲ။
သူတစ်ပါး (တစ်စုံတစ်ယောက်) ရဲ့ လွတ်လပ်မှုကို ချုပ်ချယ်လိုက်ရင် သင့်လွတ်လပ်မှုကို သင် နှစ်နှစ်ခြိုက်ခြိုက် ခံစားလို့ရမှာ မဟုတ်တော့ဘူး။
သူများကို မလွတ်လပ်အောင် လုပ်ရင် ကိုယ်လည်း မလွတ်လပ်ဘူး။ သူများကို စိတ်ဆင်းရဲအောင် လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရတယ်။ သူတစ်ပါးကို စိတ်မအေးချမ်းအောင် လုပ်ရင် ကိုယ်လည်း စိတ်အေးချမ်းမှု မရနိုင်ဘူး။ ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။
တပည့်ရဲ့ လွတ်လပ်မှုကို အသိအမှတ်မပြုတဲ့ ဆရာဟာ တပည့်ကို ကျွန်လို သဘောထားတဲ့ သူပဲ။ ဒါကြောင့် သူဟာ ဆရာယောင်ဆောင်နေတဲ့ ကျွန်ပိုင်ရှင်ကြီးပဲ။ ဒီအချက်ကို မသိကြလို့ တပည့်ခံရင်း ကျွန်ဘဝ ရောက်ကုန်ကြတယ်။
ကောင်းတဲ့ အစိုးရအဖွဲ့ဟာ လူများစုရဲ့ ဘဝမှာ မျှော်လင့်စရာ မျှော်မှန်းစရာတွေ များများရှိအောင် စီစဉ်ပေးတယ်။ ကြောက်နေအောင် စိုးရိမ်နေအောင် မလုပ်ဘူး။ ရိုးရိုးသားသား လုပ်တယ်။ မလှည့်စားဘူး။ တရာမျှတမှုရှိတယ်။ မတရားတာကို မလုပ်ဘူး။ ဘေးရန်အန္တရာယ်မရှိ သွားနိုင်လာနိုင်အောင် လုပ်ပေးတယ်။ လွတ်လပ်မှုကို ကာကွယ်ပေးတယ်။ လွတ်လပ်မှု မရှိအာင် မလုပ်ဘူး။
👻👻👻
ပိုပြီးတော့ ဥာဏ်ရှိတဲ့လူ၊ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့လူ၊ ပိုပြီးတော့ ကျန်းမာတဲ့လူ၊ ပညာ အရည်အချင်း ပိုပြီးမြင့်မားတဲ့လူ၊ လုပ်ရည်ကိုင်ရည် ပိုပြီး အဆင့်မြင့်တဲ့သူ စသည်ဖြင့် အဲဒီလိုလူတွေ ဖြစ်လာနိုင်အောင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားတဲ့၊ လွတ်လပ်မှုတွေကို ပေးထားတဲ့ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းလို့ ခေါ်တယ်။ လူကို လေးစားတယ်၊ လူရဲ့ လွတ်လပ်မှုကို တကယ်ရိုးရိုးသားသား လေးစားတယ်ဆိုတဲ့ လေးစားမှု အခြေခံအုတ်မြစ်ပေါ်မှာမှ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းကို တည်ဆောက်လို့ရတယ်။
👻👻👻
အတွေးအခေါ်ကို လွတ်လွတ်လပ်လပ် ပြောနိုင် ဆိုနိုင် ဆွေးနွေးနိုင်မှ တိုးတက်လာမယ်။ လွတ်လွတ်လပ်လပ် မဆွေးနွေးရင် အဲဒီ လူ့အသိုင်းအဝိုင်းဟာ ရေပုပ်အိုင်လို ဖြစ်သွားမယ်။
👻👻👻
လူတိုင်း လွတ်လပ်မှုကို လိုချင်တယ်လို့ ပြောကြတာပါပဲ။ ဘယ်လို လွတ်လပ်မှုမျိုးကို လိုချင်တာလဲ။ လုပ်ချင်တာတွေအားလုံးကို စိတ်ထင်တိုင်း လုပ်ရတာကို လွတ်လပ်တယ်လို့ ဆိုလိုတာလား။ အဲဒါဟာ ဥာဏ်မရှိတဲ့ ကလေးဆန်တဲ့ လူတွေရဲ့ အထင်မှားမှုကြီးပဲ။
👻👻👻
လွတ်လပ်မှုဆိုတာ စိတ်ထင်တိုင်း လုပ်လို့ရတာကို မဆိုလိုဘူး။ သင့် မသင့်၊ မှန် မမှန် စဉ်းစားဆုံးဖြတ်ပြီး ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ၊ အုပ်စုစွဲ မပါဘဲ အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အမှန်ဆုံး လုပ်တာဟာ လွတ်လပ်မှု။ ဒါကြောင့် လွတ်လပ်မှုဆိုတာ သဘောထားကြီးမှုနဲ့ အမှန်ကို သိမှုဆိုတဲ့ ဥာဏ်ပညာပေါ်မှာ အခြေခံပြီးမှ ဖြစ်ပေါ်လာတာပါ။
👻👻👻
လွတ်လပ်မှုနဲ့ အမှန်တရားဟာ စိတ်ကို အားရှိစေတယ်၊ သတ္တိ ရှိစေတယ်။ စိတ်မှာ တကယ် အားရှိချင်ရင်၊ သတ္တိ ရှိချင်ရင် လွတ်လပ်မှုနဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ လွတ်လပ်မှုနဲ့ အမှန်တရားကို ဘာနဲ့မှ မလဲနိုင်တဲ့စိတ် ရှိရမယ်။
👻👻👻
အမှန်တရားနဲ့ လွတ်လပ်မှုကို ရှာဖွေတာနဲ့ အမှန်တရားနဲ့ လွတ်လပ်မှုကို ချစ်တာလောက် အဆင့်မြင့်တာ မြင့်မြတ်တာ မရှိတော့ဘူ။
👻👻👻
အမှန်တရားနဲ့ လွတ်လပ်မှုဟာ သိမ်မွေ့ နက်နဲတဲ့ အရာဖြစ်လို့ စိတ်ဓာတ် အဆင့်အတန်း အသိဥာဏ် အဆင့်အတန်း မြင့်လာမှ မြတ်နိုးတတ် တန်ဖိုးထားတတ်လာတယ်။
👻👻👻
အမှန်တရားကို မချစ်တတ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် မချစ်တတ်သေးဘူး။ လွတ်လပ်မှုကို မချစ်တတ်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် တကယ် မချစ်တတ်သေးဘူး။
➖➖➖🔹🍄🍄🔹➖➖➖
🌟ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🌟
(Page 121-124)
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment