
လွတ်လပ်မှု ( ၆ )

ကိုယ် ဘာကိုရွေးချယ်တယ် ဆိုတာပေါ်မှာ မူတည်ပြီး ကိုယ် ဘယ်လောက် လွတ်လပ်တဲ့သူ ဖြစ်လာမလဲဆိုတာ အဖြေပေါ်ပါတယ်။
ကိုယ့်ကိုယ်ကို အဆင့်အတန်း မြှင့်ချင်တယ်ဆိုရင် သတိနဲ့ ဥာဏ်နဲ့ ကြည့်ပြီးတော့ အကောင်းဆုံး ရွေးချယ်ပြီး လုပ်သွားရမယ်၊၊တစ်ကြိမ်အကောင်းဆုံးကို ရွေးချယ်ပြီး လုပ်လိုက်တိုင်း လုပ်လိုက်တိုင်း ကိုယ့်ရဲ့ လွတ်လပ်မှုက တဖြေးဖြေး တိုးတိုးပြီးတော့ လာတယ်။ နောက်တစ်ခါ အကောင်းဆုံးကို
ရွေးချယ်ပြီး လုပ်နိုင်ဖို့လည်း အင်အားတွေ သတ္တိတွေ ပိုပြီးတော့ ရလာတယ်။
သတိရှိတဲ့သူဟာ ဥာဏ်ရှိတဲ့အတွက်ကြောင့် အများကြီးကို ကြည့်ပြီးတော့ အဲဒီအထဲက အကောင်းဆုံးကို ရွေးပြီးတော့ လုပ်တယ်။ ဥာဏ်နဲ့ အကျိုးအကြောင်း ဆင်ခြင်ပြီး အကောင်းဆုံးကို ရွေးပြီးလုပ်နိုင်တာဟာ လွတ်လပ်မှု တစ်မျိုး ဖြစ်တယ်။
တခြားလွတ်လပ်မှုတွေကို မရနိုင်ဘူး ဆိုရင်တောင်မှ ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူ တစ်ယောက်ဖြစ်အောင်တော့ ကိုယ်က ယူတတ်လို့ရှိရင် ယူလို့ရပါတယ်။ အဲဒီ လွတ်လပ်မှုကတော့ ကိုယ့်ရဲ့ choice ပဲ။
ကိုယ့်ဘဝမှာ ကောင်းတာတွေ ဖြစ်လာအောင် ကိုယ်ကိုယ်တိုင်က ရွေးချယ်ဆုံးဖြတ်ပြီး၊ တာဝန်ယူပြီးတော့ ဖြစ်အောင် လုပ်နေတဲ့လူဟာ လွတ်လပ်တဲ့ဘက်ကို သွားနေတဲ့သူဖြစ်တယ်။
လူတွေရဲ့ ချီးမွမ်းမှု ကဲ့ရဲ့မှုကို မတုန်လှုပ်တဲ့သူဟာ သူ့ဘဝကိုသူ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်တယ်။
I create my meaning. I create my values. That is the highest freedom.
ငါ့ဘဝအဓိပ္ပာယ်ကို ငါ ဖန်တီးတယ်။ ငါရွေးချယ်တယ်။ ငါ့အတွက် ဘယ်ဟာ တန်ဖိုးရှိတယ် ဆိုတာကို ငါ ဖန်တီးတယ်။ ငါရွေးချယ်တယ်။ အဲဒါဟာ ငါ့ရဲ့ အမြင့်ဆုံး လွတ်လပ်မှုဖြစ်တယ်။
ငါ့ ဘဝအဓိပ္ပါယ်နဲ့ ငါ့တန်ဖိုးထားမှုတွေကို ငါ ဖန်တီးမှ ငါ့မှာ လွတ်လပ်တဲ့ ဘဝ ရှိတယ်လို့ ဆိုနိုင်မယ်။ ငါ့ရင်ထဲမှာ လွတ်လပ်မှု ရှိနေမှ ငါ့မှာ ဘဝရှိတယ်လို့ ခံစား၇တယ်။ ဒါကြောင့် ငါ့မှာ ဘဝရှိဖို့ဆိုရင် ငါ့ဘဝ အဓိပ္ပာယ်ကို ငါ ဖန်တီးရမယ်။ မှန်တာကို မှန်တယ်လို့ ငါ့ဥာဏ်နဲ့ ငါ ဆုံးဖြတ်နိုင်ဖို့ တာဝန်ကို ငါယူရမယ်။ ဒီတာဝန်ဟာ အကြီးမားဆုံး တာဝန်ပဲ။ ဒီတာဝန်ကို မယူသေးသ၍ ငါ့မှာ ဘဝ မရှိသေးဘူး။
အရေးအကြီးဆုံး တီထွင်မှုက ကိုယ့်ဘဝကိုကိုယ် တီထွင်တာပဲ။ ဘဝ ဆိုတာ ပုံသေနေလို့ မရဘူး။ တီထွင်ကြံဆပြီး နေသွားရမယ်။ ပုံသေ နေလိုက်ရင် ဘဝ ပျောက်သွားမယ်။
မလွတ်လပ်တဲ့စိတ်က လွတ်လပ်တဲ့ဘဝကို မဖန်တီးနိုင်ဘူး။ လွတ်လပ်တဲ့စိတ်ကသာ လွတ်လပ်တဲ့ ဘဝကို ဖန်တီးနိုင်တယ်။
ကိုယ့်ဘဝကိုကိုယ် ဖန်တီးချင်ရင် ကိုယ့်စိတ်ကိုကိုယ် သိနေဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်စိတ်ကိုကိုယ် သိနေမှ ကိုယ့်စိတ်ကို ဘယ်အရာတွေက ဖမ်းစားထားတယ်ဆိုတာ မြင်မယ်။ မြင်မှ လွတ်မယ်။ မမြင်ရင် မလွတ်နိုင်ဘူး။ စိတ်က လွတ်လပ်လာမှ သတ္တိတွေ အင်အားတွေ ဖြစ်လာမယ်။
ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာမှ ကိုယ့်ဘဝဆို တကယ်ဖြစ်လာပါတယ်။ ကိုယ့်စိတ်ကိုကိုယ် မသိပဲနဲ့ စိတ်ရဲ့ လွတ်လပ်မှုကို မရနိုင်ဘူး။ လွတ်လပ်တဲ့စိတ်ကို မရပဲနဲ့ လွတ်လပ်တဲ့ဘဝကို မရနိုင်ဘူး။
👻👻👻
တချို့လူတွေက သူတို့ကို ဘယ်သူမှ မချုပ်ချယ်ဘူး။ ပိတ်ပင်တားဆီးထားတာ၊ အကြီးအကျယ် တားမြစ်တာ မရှိဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဘာမှ မဆုံးဖြတ်ရဲဘူး။ ဘာကိုမှ မရွေးချယ်ဘူး။ ဘာကိုမှ တကယ် ဆန္ဒ ပြင်းပြင်းပြပြနဲ့ လုပ်ချင်တယ်ဆိုတာ မရှိဘူး။ ခိုင်းရင် ခိုင်းသလောက်တော့ လုပ်တယ်။ မခိုင်းရင် ဘာမှ မလုပ်ဘူး။ အဲဒီလူတွေဟာလည်း မလွတ်လပ်တဲ့သူတွေပဲ။ မလွတ်လပ်တဲ့အတွက် လူ့ဂုဏ်သိက္ခာလည်း မရှိဘူး။
👻👻👻
တကယ်ဥာဏ်ပညာ ကြီးတဲ့လူတွေ သူတို့ဘဝကို သူတို့ နေထိုင်ပုံ စည်းကမ်း နည်းလမ်းကို ကြည့်တဲ့အခါမှာ သူတို့ကိုယ်သူတို့ ပေးထားတဲ့ စည်းကမ်းဟာ သာမန်လူတွေ လိုက်နာနေကြတဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်နေတာ တွေ့ရတယ်၊ အများကြီးတင်းကျပ်နေတာ တွေ့ရတယ်။ စားတာ သောက်တာ နေတာ ထိုင်တာ သွားတာ လာတာ အင်မတန် စည်းကမ်းရှိတယ်။ ဘာကိုမှ စည်းမဲ့ကမ်းမဲ့ လုပ်တာ မရှိဘူး။ အချိန်ဖြုန်းတယ် ဆိုတာ မရှိဘူး။
သူ့ဘဝကိုသူ ဘယ်လိုလုပ်ချင်သလဲ၊ ဘယ်လိုဖြစ်ချင်သလဲ ဆိုတာကို သူ့ဟာသူ ရွေးချယ်ထားပြီးဖြစ်တယ်။ သူ့ဘဝမှာ သူတန်ဖိုးထားတာတွေ ဖြစ်လာဖို့ ဆိုတာ စည်းနဲ့ကမ်းနဲ့နေဖို့ အင်မတန် လိုအပ်တယ် ဆိုတာကို သူသိတယ်။ သိလို့ လွတ်လပ်တဲ့စိတ်နဲ့ စည်းကမ်းကို ရွေးချယ်တာ။
👻👻👻
ကိုယ့်ကိုယ်ကိုကိုယ် စည်းကမ်းရှိအောင် လုပ်တာဟာ ကိုယ့်ရဲ့ တစ်ခုတည်းသော လွတ်လပ်မှုပဲ။ ကိုယ့်ကိုယ်ကိုကိုယ် ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာအောင် မလုပ်နိုင်တဲ့သူမှာ ဘာလွတ်လပ်မှု ရှိသလဲ။
👻👻👻
သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်တဲ့ ငါကိုယ်တိုင် လုပ်ထားတဲ့ စည်းကမ်း၊ ငါ ကျေကျေနပ်နပ် ရွေးချယ်ထားတဲ့ စည်းကမ်းနဲ့ ငါ့ဘဝကို ငါ နေနေတာ။ ဒါကြောင့် ငါ့ကို သူများ အုပ်ချုပ်နေဖို့ မလိုဘူး။ ငါဟာ လွတ်လပ်တဲ့လူ ဖြစ်တယ်။
👻👻👻
ပြင်ပအခြေအနေ တစ်မျိုးပြောင်းတိုင်း ကိုယ့်စိတ်တွင်း အခြေအနေပြောင်းရင် ကိုယ့်စိတ်ဟာ မခိုင်ဘူး၊ လွတ်လပ်မှု မရှိဘူးလို့ ဆိုရမယ်။ စိတ်ဓာတ် တကယ်ခိုင်တဲ့သူဟာ ပြင်ပအခြေအနေ ပြောင်းတိုင်း သူ့စိတ်ထား မပြောင်းဘူး။ ကိုယ့်စိတ်မှာ လွတ်လပ်မှု ဘယ်လောက်ရှိတယ် ဆိုတာကို အဲဒီနည်းနဲ့ တိုင်းတာလို့ရတယ်။ အခြေအနေက ကိုယ့်ကို အမြဲတန်း အဆုံးအဖြတ်ပေးနေတာကို လက်ခံရင် လွတ်လပ်တဲ့ဘဝကို ရမှာ မဟုတ်ဘူး။ အခြေအနေကို ကိုယ်က ဖန်တီးနိုင်မှ လွတ်လပ်တဲ့ ဘဝကိုရမယ်။
👻👻👻
မှန်ကန်တဲ့ အသိအမြင် အတွေးအခေါ်ဆိုတာ လွတ်လပ်တဲ့စိတ် ရှိတဲ့သူမှသာ သိနိုင်မြင်နိုင်တဲ့အရာ ဖြစ်တယ်။ လွတ်လပ်တဲ့စိတ်မရှိရင် တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ်မျိုးကိုပဲ တွေးနိုင်တယ်။
👻👻👻
ငါ့ရဲ့ အယူအဆ အတွေးအခေါ် သဘောထား ယုံကြည်ချက်တွေကို ဘယ်အဖွဲ့အစည်းရဲ့ လက်ထဲကိုမှ မထည့်ဘူး။ သူများလက်ထဲကို ကိုယ့်ဦးနှောက်ကို အပ်လိုက်တာဟာ အဆင့်အတန်း အကျဆုံးအလုပ်ပဲ။ အဖွဲ့အစည်းတစ်ခုခုရဲ့ အယူအဆကို လက်ခံမှ အဆင့်အတန်းမြင့်မြင့် နေရထိုင်ရမယ်ဆိုရင် နေပါစေတော့… နေပါစေတော့…။🌿🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
🌟ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🌟
(page 116-120)
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment