🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
လွတ်လပ်မှု ( ၉ )

မကောင်းတာကို မကောင်းဘူးလို့ သိပြီးတော့ ကိုယ်ကိုယ်တိုင်က မကောင်းတာကို မလုပ်ချင်ဘူး။ မလုပ်ချင်လို့ ထိန်းသိမ်းတယ်။ စောင့်စည်းတယ်။ အဲဒီလို ကိုယ့်စိတ်နဲ့ကိုယ် ထိန်းသိမ်း စောင့်စည်းပြီး နေရတာကို ကြိုက်တယ်။ အဲဒါ လွတ်လပ်တယ်။
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ကောင်းတဲ့သဘာဝနဲ့ ဆိုးတဲ့သဘာဝကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်သတိနဲ့ ကိုယ့်ဟာကိုယ် ကြည့်ပြီးတော့ ကောင်းတာကို တန်ဖိုးထားတဲ့စိတ် မြတ်နိုးတဲ့စိတ် လေးစားတဲ့စိတ် ချစ်တဲ့စိတ်နဲ့ ကောင်းတာကို ကိုယ့်သဘောနဲ့ ကိုယ့်ဆန္ဒနဲ့ ရွေးချယ်ပြီးတော့ ကိုယ့်လုံ့လဝိရိယနဲ့ ကိုယ့်ဟာကိုယ် ဖြစ်အောင်ကြိုးစားရတာ ကြိုက်တယ်။ အဲဒါ လွတ်လပ်မှုပဲ။
လွတ်လပ်မှု၊ ကိုယ်ကျင့်တရား၊ လူ့ဂုဏ်သိက္ခာ ဆိုတာတွေဟာ ကောင်းတဲ့အလုပ်ကို အတင်းအကျပ် ခိုင်းလို့ မဟုတ်ပဲ၊ ကိုယ်က ကောင်းမှန်း သိပြီး လုပ်ချင်တဲ့ ဆန္ဒရှိလို့ ကောင်းတာကို ချစ်လို့ မြတ်နိုးလို့ လုပ်တဲ့သူမှာသာ ရှိတယ်။
ကိုယ် ကောင်းဖို့ကို ကိုယ့်ရဲ့ သတိ ဝိရိယ ဥာဏ်ပညာနဲ့ ဆန္ဒနဲ့ ဇွဲနဲ့ ကြိုးစားပြီးတော့ လုပ်ရမှသာ ကိုယ့်ကိုယ်ကိုကိုယ် တကယ် ကိုယ်ကျင့်တရား ကောင်းတဲ့သူလို့ လက်ခံနိုင်မယ်။ လွတ်လပ်တဲ့သူ ဂုဏ်သိက္ခာ ရှိတဲ့သူလို့ လက်ခံနိုင်မယ်။
လွတ်လပ်မှုကိုလည်း လိုချင်တယ်။ ကိုယ့်တာဝန်ကိုလည်းကိုယ် ယူချင်တယ်။ ကိုယ့်တာဝန်ကို သူများကို မပေးချင်ဘူး။ ငါကောင်းဖို့ဟာ သူများတာဝန် မဟုတ်ဘူး။ ငါကောင်းဖို့ဟာ ငါ့တာဝန်ပဲ။ မကောင်းတာ လုပ်ချင်တဲ့စိတ်ကို ထိန်းသိမ်းဖို့ စောင့်စည်းဖို့ဟာ ငါ့တာဝန်။
ကောင်းတာကို ကောင်းမှန်းသိပြီးတော့ မကောင်းတာကို မကောင်းမှန်း သိပြီးတော့ ငါ ကောင်းတာကို ကြိုးစားပြီးတော့ လုပ်မယ်လို့ ဆိုပြီးတော့ ကြိုးစားနေတာဟာ တာဝန်ယူထားတာ။ အဲဒီလို တာဝန် ယူထားပြီးတော့ ကြိုးစားနေတဲ့လူ ဖြစ်ချင်တယ်။
မလုပ်သင့်ဘူးလို့ ကိုယ့်အသိဥာဏ်က သိနေတာကို မလုပ်ဘူး။ စိတ်ချမ်းသာချင်လို့၊ စိတ်လွတ်လပ်မှုကို လိုချင်လို့ မလုပ်သင့်တာကို မလုပ်ဘူး။ ကိုယ် ကောင်းအောင် ကိုယ့်ဟာကိုယ်ပဲ လုပ်ယူမယ်။ ကိုယ့်စိတ်ကို ကိုယ်သိပြီး မကောင်းမှုရဲ့ သဘာဝကို ကိုယ့်ဥာဏ်နဲ့ နားလည်ပြီး ပြင်မယ်။ ကောင်းတာနဲ့ မကောင်းတာကို ကိုယ်ပိုင်ဥာဏ်နဲ့ နားလည်ပြီး ကိုယ့်ဟာကိုယ် ရွေးမယ်။ အဓိကအချက်က လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ကောင်းချင်တယ်။
ကိုယ့်ဘဝမှာ ကောင်းတာတွေ များများဖြစ်လာဖို့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီးတော့ တာဝန်ယူပြီးတော့ ကြိုးစားပြီးတော့ လုပ်တဲ့သူပဲ ဖြစ်ချင်ပါတယ်။
သူများလုပ်ပေးလိုက်လို့ ကောင်းတဲ့သူဖြစ်သွားရင် ကိုယ့်ကိုယ်ကို ကိုယ် လေးစားတဲ့သူ မဖြစ်နိုင်ဘူး။ သူများက လုပ်ပေးမှ ကိုယ်က လူကောင်းသူကောင်း တစ်ယောက် ဖြစ်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် အားကိုးလို့လည်း မရတော့ဘူး။ လေးစားလို့လည်း မရတော့ဘူး။ ငါဟာ လူဆိုးတစ်ယောက် ဖြစ်နိုင်ပါလျက်နဲ့ ကောင်းတဲ့ ဓာတ်သဘာဝ၊ ကောင်းတဲ့ ဓာတ်ခံ၊ ကောင်းတဲ့ စိတ်ထားလေးတွေကို ငါ့စိတ်ထဲမှာ မြင်နေရတယ်။ အဲဒီကောင်းတဲ့ ငါ့စိတ်ထားကို ငါချစ်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။ ဒါကြောင့် အဲဒီကောင်းတဲ့စိတ်တွေကို ပိုကောင်းအောင် ငါ ကြိုးစားနေတယ် ဆိုမှသာ ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားနိုင်တဲ့သူ ဖြစ်မယ်။
သေသေချာချာ လေးလေးနက်နက် စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်တဲ့သူ ဖြစ်ဖို့၊ လွတ်လပ်တဲ့သူ ဖြစ်ဖို့၊ တာဝန်ယူနိုင်တဲ့သူ ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ်မှ မလေးစားနိုင်တော့ရင် စိတ်ဓာတ်အင်အား ဘယ်မှာ ရှိနိုင်မလဲ။ ကိုယ့်ကိုယ်ကို ကိုယ်မှ မလေးစားနိုင်တော့ရင် လူဖြစ်ရတာ ဘာအဓိပ္ပွါယ်ရှိတော့မလဲ။
ကိုယ့်အမှားတွေကို ကိုယ် သိပြီးတော့ ကိုယ့်ဘာသာကိုယ် ပြုပြင်နိုင်တာဟာ လွတ်လပ်မှုတစ်မျိုး ဖြစ်ပါတယ်။
ပိုပြီးတော့ ကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ ကြီးပွားသွားဖို့အတွက် အဆင်သင့်ဖြစ်နေတာ၊ ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေ လွဲနေတဲ့ သဘောထားတွေကို လိုလိုချင်ချင် ပြင်ချင်တဲ့စိတ် ရှိနေတာ လွတ်လပ်မှု (Freedom) တစ်မျိုးပဲ။
ကိုယ့်ဘဝကို ကိုယ် ပုံဖေါ်နိုင်တာ ကျေနပ်စရာ အကောင်းဆုံးဖြစ်တဲ့ လွတ်လပ်မှုပဲ။ ကိုယ့်စိတ်ကိုကိုယ် အဆင့်အတန်းမြင့်အောင် လုပ်နိုင်တဲ့ လွတ်လပ်မှုဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှု ဖြစ်တယ်။
ဘယ်လိုလူဟာ လွတ်လပ်တဲ့သူလဲလို့ ဆိုရင် ကိုယ်လုပ်တဲ့ကိစ္စတိုင်းကို သတိလေး ဥာဏ်လေးနဲ့ ကြည့်ပြီးတော့ ကိုယ်လည်း အကျိုးရှိအောင်၊ အများလည်း အကျိုးရှိအောင်၊ ကိုယ့်မှာလည်း ထိခိုက်မှုမရှိအောင်၊ အများလည်း ထိခိုက်မှု မရှိအောင် ဥာဏ်လေးနဲ့ လုပ်တဲ့သူမှသာ လွတ်လပ်တဲ့သူလို့ ဆိုနိုင်တယ်။
👻👻👻
တကယ် လွတ်လပ်ချင်ရင် ကိုယ်လုပ်တဲ့ကိစ္စတွေကို လွတ်လပ်တဲ့စိတ်နဲ့ လုပ်ပါ။ လွတ်လပ်မှုနဲ့စမှ လွတ်လပ်မှု လမ်းဆုံးကို ရောက်မယ်။ မလွတ်လပ်တဲ့ စိတ်နဲ့ စရင် မလွတ်လပ်မှုထဲမှာ တစ်ဝဲလည်လည် ဖြစ်နေမယ်။
👻👻👻
ကုသိုလ် အကုသိုလ်တို့ကို စွန့်လွှတ်လိုက်မှ အဆုံးစွန်ဖြစ်တဲ့ လွတ်လပ်မှုကို ရောက်တယ်။ ကုသိုလ်ရဲ့ အကျိုးကိုတောင် မျှော်လင့်တဲ့စိတ် မရှိတော့တဲ့အခါ စိတ်ဟာ လွတ်လပ်သွားပြီ။ ဒီအချက်ဟာ ဗုဒ္ဓဘာသာတရားမှာ အဆင့်မြင့်တဲ့ လွတ်လပ်မှုကို ဖေါ်ပြတာပဲ။
👻👻👻
ပြင်ပ အာရုံပေါ်မှာ မှီခိုမှုများလေလေ အဲဒီလူဟာ အဲဒီိအဖော်အာရုံ မရှိတဲ့အခါမှာ မနေတတ် မထိုင်တတ် ဖြစ်လေလေပဲ။ အာရုံတွေ များများပေါ်မှာ မှီခိုလေ ဒီလူရဲ့စိတ်ဟာ လွတ်လပ်မှု မရှိလေပဲ။ ဒီအာရုံတွေကို နေ့စဉ် ကြည့်ရှု၊ နားထောင်နေတော့ မသိမသာ ဒီအာရုံတွေဟာ ကိုယ့်ရဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် အတွေးအခေါ်တွေကို လွှမ်းမိုးတယ်။ အဲဒါ အင်မတန် ကြောက်စရာ ကောင်းတယ်။
ပြင်ပကို အဲသလို မျာများမှီခိုပြီး အာရုံပြုပြီးနေတဲ့လူဟာ အတွင်းကို အာရုံပြုမိဖို့ ဆိုတာ အင်မတန် ခဲယဉ်းသွားပြီ။ အဲသလို ပြင်ပကို မှီခိုမှုများခြင်းကြောင့် အတွင်းမှာ လွတ်လပ်မှု မရှိတော့ဘူး။ အင်မတန် နက်နဲတဲ့ မိမိခန္ဓာငါးပါးနဲ့ ပတ်သက်တဲ့၊ မိမိစိတ်နဲ့ ပတ်သက်တဲ့၊ လေးနက်တဲ့ အသိဥာဏ်တွေ ရဖို့ရာ လမ်းပိတ်သွားပြီ။
👻👻👻
အတွေးကို ဘေးကနေထိုင်ကြည့်နေသလို ကြည့်နိုင်ရင် ကြည့်နေတဲ့စိတ်က အတွေးနဲ့ရောပြီး ပါမသွားဘူး။ ဒီလောက် လုပ်နိုင်ရင်ပဲ သိတဲ့စိတ်နဲ့ တွေးတဲ့စိတ် တခြားစီဖြစ်သွားပြီ။ ဒီအဆင့်ဟာ လွတ်လပ်မှုရဲ့ ပထမခြေလှမ်း ဖြစ်တယ်။
👻👻👻
ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ထားနိုင်မှ အမှန်တရားကို သိနိုင်တယ်။ အမှန်တရားကို သိဖို့ အတိတ်ကနေ လွတ်နေမှ ရတယ်။ အတိတ်ကနေ လွတ်အောင် ကိုယ့်စိတ်ကို ထားတတ်လာရင် ဘဝဟာ အမြဲ အသစ်ဖြစ်နေမယ်။ အတိတ်ဟာ မရှိတော့လို့ သူ့ကို အားကိုးလို့ မရဘူး။ အတိတ်ကို အားမကိုးတော့တာနဲ့ ပစ္စုပ္ပန်ဟာ ပိုပြီး အသက်ဝင်လာတယ်။ တန်ဖိုး ပိုရှိလာတယ်။ တွေးတဲ့အတွေးတွေဟာ အသစ် အသစ် ဖြစ်လာတယ်။ အသိအမြင်တွေဟာလည်း အသစ် အသစ် ဖြစ်လာတယ်။ ပြောတာတွေဟာ အသစ် အသစ် ဖြစ်လာတယ်။ မြင်တာ ကြားတာတွေဟာ အသစ် အသစ် ဖြစ်လာတယ်။ အဲဒါမှ ဘဝဟာလည်း အသစ် အသစ် ဖြစ်လာတယ်။
လူသစ် စိတ်သစ် ဖြစ်ချင်ရင် အတိတ်ကို အားမကိုးပါနဲ့။ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် နေပါ။ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်နေတတ်ရင် အနာဂတ်အတွက် ပူပင်သောကတွေဟာ အလိုလို နည်းသွားပါလိမ့်မယ်။ အတိတ်ကိုလည်း မမှီဘူး။ အနာဂတ်အတွက် ပူပင်သောကလည်း မရှိဘူးဆိုရင် ဘဝဟာ ပေါ့ပါးနေမယ်။ အရေးအကြီးဆုံး အချက်က ကိုယ့်စိတ်ပဲ။ ကိုယ့်စိတ်က အတိတ်မှာ ပိတ်မိမနေဖို့ပဲ။
👻👻👻
အတ္တစိတ်ဟာ အတိတ်ကို အားကိုးတယ်။ အတိတ်ကို မှီပြီး၊ အတိတ်ကို ခြေကန်ပြီး အားယူတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ နေတဲ့စိတ်ဟာ အတိတ်ကနေ လွတ်နေတယ်။ ဒါကြောင့် လွတ်လပ်နေတယ်။
👻👻👻
စိတ်ရဲ့ လွတ်လပ်မှုဟာ အခု ကိုယ့်စိတ်မှာ ဘာဖြစ်နေတယ်ဆိုတာကို သိနေတဲ့အချိန်မှာပဲ ရှိတယ်။ ဒါကြောင့် လွတ်လပ်မှုဟာ ပစ္စုပ္ပန်မှာပဲ ရှိတယ်။ မေ့သွားတာနဲ့ အတွေးတွေထဲမှာ မျောပါသွားမယ်။
👻👻👻
မြတ်စွာဘုရားရဲ့ လွတ်လပ်မှုနဲ့ အမှန်တရားကို သိတဲ့ ဥာဏ်တော်ကို ကိုးကွယ်ပါတယ်။ လွတ်လပ်မှုနဲ့ အမှန်တရားကို သိနိုင်အောင် နည်းလမ်းပေးတဲ့ ဘုရားကို ဆရာအဖြစ်နဲ့ ကိုးကွယ်ပါတယ်။
👻👻👻
ကိုယ့်ကိုယ်ကို တကယ် ကိုးကွယ်ရာဖြစ်အောင် လုပ်ချင်ရင် ကိုယ့်ကိုယ်ကိုကိုယ် ဆုံးမရမယ်။ ဆုံးမနည်းကို ဘုရား ပေးထားပါတယ်။ ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း သိနေပါ။ အမှန်အတိုင်း သိနေတာဟာ ဆုံးမနေတာပဲ။ (သတိပဌာန်တရားကို အားထုတ်ပါ) ကိုယ့်စိတ်ကို ကိုယ် အမှန်အတိုင်း ရိုးရိုးသားသား သိလာတဲ့အခါ စိတ်ဟာ ကောင်းတဲ့ဘက်ကို ပြောင်းသွားတယ်။
သတိနဲ့နေလို့ စိတ်သန့်ရှင်းလာတဲ့အခါ လူသားရဲ့ မြင့်မြတ်မှုကို သိလာတယ်၊ တည်ကြည်မှု အစစ်ကို သိလာတယ်၊ ရိုးသားမှုအစစ်ကို သိလာတယ်။ ငါဆိုတာပါ မရှိတော့တဲ့ စင်ကြယ်တဲ့စိတ်ကို တွေ့တဲ့အခါမှာ ဒီစိတ်ဟာ လမ်းမှန်ကို သွားနေတယ်ဆိုတာ သိလာတယ်။
အမှန်ကိုသိတဲ့စိတ်ကို အားကိုးတယ်။ အရှိကို အရှိအတိုင်း သိနေတဲ့ စိတ်ကို အားကိုးတယ်။ လောဘစိတ်ကို အားမကိုးဘူး။ ဒေါသစိတ်ကို အားမကိုးဘူး။ မာနကို အားမကိုးဘူး။ သူတို့ကို ဆရာတင်ရင် မှားမယ်ဆိုတာ သိတယ်။
စိတ်ရဲ့သဘာဝကို သိတဲ့ ဥာဏ်အလင်းရောင်ကို ရလာတဲ့အခါ လူသားတစ်ဦးအနေနဲ့ ကိုယ့်ဘဝမှာ ရနိုင်တာတွေထဲမှာ အဆင့်အမြင့်ဆုံးဟာ လွတ်လပ်မှု ဆိုတာကို သဘောပေါက်လာတယ်။ စိတ်ကို ချုပ်နှောင်ထားတဲ့ အရာတွေဟာ စိတ်ထဲမှာပဲရှိတယ် ဆိုတာလည်း မြင်လာတယ်။ လွတ်လပ်တဲ့စိတ်နဲ့ မလွတ်လပ်တဲ့စိတ်တွေကို သေသေချာချာ မြင်လာတယ်။ အဲဒီအခါ အမြဲတန်း လွတ်လပ်တဲ့စိတ်နဲ့ပဲ နေချင်တယ်။ လွတ်လပ်တဲ့စိတ်နဲ့ နေနိုင်အောင် သတိကို ပိုပြီး ကပ်တယ်။ လွတ်လပ်မှုကြောင့် ရလာတဲ့ ပျော်ရွှင်မှုဟာ တခြားနည်းတွေနဲ့ ရတဲ့ ပျော်ရွှင်မှုနဲ့ ဘယ်လိုမှ နှိုင်းလို့မရဘူး။
👻👻👻
လွတ်လပ်မှုဆိုတာ သူ့အလိုလို ရောက်လာတာ မဟုတ်ဘူး။ ကိုယ်က ရအောင် လုပ်ယူရတာ။ ဒီအလုပ်ကလည်းပဲ တစ်ခါ လုပ်တာနဲ့ ပြီးသွားပြီလို့ ပြောလို့မရဘူး။ ကိုယ် လုပ်တာကိုင်တာ၊ ပြောတာဆိုတာတွေ အားလုံးမှာ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နေသလား၊ မလွတ်လပ်တဲ့စိတ်နဲ့ လုပ်နေသလား ဆိုတာကို သတိထားပြီး ကြည့်ဖို့လိုတယ်။
စိတ်ကို မလွတ်လပ်အောင် လုပ်နေတာ စိတ်ထဲမှာ ရှိတယ်။ စိတ်ကို သိရင် စိတ်လွတ်လပ်မှု ပိုရှိလာမယ်။
👻👻👻
မလွတ်လပ်တဲ့ ခံစားမှုကို တည့်တည့်ကြည့်လိုက်ရင် အဲဒီ မလွတ်လပ်တဲ့စိတ်ဟာ မှေးမှိန်ပြီး ပျောက်သွားတယ်။ အဲဒီအခါမှာ လွတ်လပ်သွားတယ်။ လွတ်လပ်သွားတဲ့အခါ အဲဒီလွတ်လပ်နေတာကို ကြည့်ပြီးတော့ ခံစားပြီးတော့ 'လွတ်လပ်မှု…. လွတ်လပ်မှု…' လို့ အာရုံပြုနေလိုက်တယ်။ ငါ လွတ်လပ်တယ်လို့ မတွေးဘူး။ ငါ မပါတဲ့ လွတ်လပ်မှု။ ငါနဲ့ မရောတဲ့ လွတ်လပ်မှု။ အဲဒီ ငါ မပါတဲ့ လွတ်လပ်မှုနဲ့ နေတဲ့အချိန်ဟာ အနှစ်သာရ အရှိဆုံး အချိန်ပဲ။
ငါ မပါတဲ့ လွတ်လပ်တဲ့စိတ်ကို ဘယ်သူကမှ ချုပ်ကိုင်လို့ မရဘူး။ ဘယ်လိုအရာကမှ လွှမ်းမိုးလို့ မရဘူး။ အဲဒီလိုစိတ်နဲ့ နေနိုင်တဲ့သူတွေ များများရှိတဲ့ လူ့အသိုင်းအဝိုင်းဟာ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်မယ်။
👻👻👻
လွတ်လပ်တဲ့သူ အဖြစ်နဲ့ပဲ ကိုယ့်ဘဝကိုယ် နေမယ်။ နောက်ဆုံးအချိန်မှာ လွတ်လပ်တဲ့သူ အဖြစ်နဲ့ပဲ ဘဝကို နိဂုံးချုပ်ချင်တယ်။ I live in freedom. I will die in freedom.
👻👻👻
ကိုယ်လိုချင်တာ တစ်စုံတစ်ခု ရဖို့ကို ကိုယ့်လွတ်လပ်မှုကို အထိခံပြီး မလုပ်ဘူး။ (Freedom First) လွတ်လပ်မှုက ပထမ၊ ကျန်တာတွေက ဒုတိယ, တတိယ…..🌿🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
🌟ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🌟
(Page 128 -135)
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment