ဘာကို တန်ဖိုးထားရမလဲ ( ၄ )

စိတ်ကို သိဖို့ ပိုအရေးကြီးလာပြီ
ကိုယ်တန်ဖိုးထားတဲ့ အရာက ကိုယ့်ဘ၀ကို စုစည်းပေးတယ်၊ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။
အခုခေတ်လူတွေဟာ အရင်ခေတ်လူတွေလောက် မသက်သာဘူး။ အရင်ခေတ်လူတွေထက် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးတော့ အခက်အခဲများတယ်။ ဒါကြောင့် လေးလေးနက်နက် စဉ်းစားပေးဖို့၊ ကြည့်ဖို့၊ တကယ်သိအောင် ကြိုးစားဖို့ ပိုပြီးတော့ လိုအပ်လာပြီ။ တစ်နည်းအားဖြင့်တော့ အဲဒါ ပိုကောင်းတယ်လို့ ပြောလို့ရတယ်။
ငယ်ငယ်တုန်းကနေခဲ့တဲ့ အသိုင်းအ၀ိုင်းထဲမှာ ခရစ်ယန် ရှိတယ်၊ ဟိန္ဒူ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ ဂျူးလည်း ရှိတယ်။ တခြားတခြား ဘာသာဝင်တွေလည်း ရှိတယ်။ ရောနှောနေတာကိုး။ စာပေတွေလည်း အမျိုးမျိုးဖတ်ဖူးတယ်။ အဲဒါကြောင့် တော်တော် စိတ်ရှုပ်ကုန်တယ်။ အဲဒါ တစ်နည်းအားဖြင့်တော့ ကောင်းတယ်လို့ ပြောရမယ်။ အဲဒီလို ရှုပ်သွားတဲ့အခါမှာမှ တကယ့်အမှန်တရားက ဘာလဲဆိုတာ သိချင်လာတယ်။ သိအောင်လုပ်မှပဲ ဖြစ်တော့မယ် ဆိုပြီးတော့ ရအောင် ရှာခဲ့ရတာပဲ။ တကယ်သိလာတဲ့ အခါကျတော့ ဘာမှ မသိပဲ အေးအေးနေခဲ့တုန်းကထက် ကိုယ့်ကိုယ်ကို ပိုပြီး ကျေနပ်မှုရတယ်။
အမှန်ကိုသိမှပဲ ကျေနပ်မှု အစစ်အမှန်ကို ရတယ်။ ဘာမှမသိပဲ ပျော်နေရုံနဲ့ ကျေနပ်မှု အစစ်အမှန်ကို မရနိုင်ဘူး။ ကျေနပ်နေတာနဲ့ ပျော်နေတာနဲ့ဟာ တော်တော် ကွာတယ်နော်။ အမှန်ကိုသိရလို့ ကျေနပ်နေတဲ့ ခံစားမှုဟာ တည်ငြိမ်အေးဆေးမှုလည်း ရှိနေတယ်၊ ခိုင်မာရင့်ကျက်မှုလည်း ရှိနေတယ်။ ပျော်တာက တည်ငြိမ်မှု မရှိဘူး၊ ခိုင်မာရင့်ကျက်မှု မရှိဘူး။ ပျော်နေတဲ့သူဟာ အဆင်မပြေတာနဲ့ တွေ့ရင် ချက်ချင်း စိတ်ညစ်သွားနိုင်တယ်၊၊ တည်ငြိမ်အေးဆေးပြီး ခိုင်မာရင့်ကျက်တဲ့စိတ် ရှိတဲ့သူက အဆင်မပြေတာနဲ့ တွေ့တဲ့အခါ ခံနိုင်ရည် ပိုရှိတယ်။ အမှန်ကို သိတဲ့သူဟာ လွတ်လပ်မှုလည်း ရှိတယ်။
အခုခေတ်လူတွေမှာ တာဝန်ပိုကြီးတယ်လို့ ပြောရမယ်။ တကယ်သိအောင် လုပ်ဖို့ရာ ပိုပြီးတော့ ကြိုးစားရတယ်။ ကိုယ့်ရဲ့ အင်အားက အရင်တုန်းကတော့ ပတ်ဝန်းကျင်ကနေ ရတယ်၊ မိဘဆီကနေ ရတယ်။ ဟို တော့ထဲ တောင်ထဲမှာ နေတဲ့သူတွေဆိုရင် တရွာလုံးဟာ အမှန်တော့ one organism လို သဘောထားမျိုးနဲ့ နေရတာ။ ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆနဲ့ ကိုယ်ပိုင် လုပ်နည်းလုပ်ဟန်ကို သိပ်ပြီးတော့ ဦးစားမပေးပဲနဲ့ သူများလုပ်သလို လိုက်လုပ်ရတယ်၊၊ သူများအပေါ်မှာ မှီပြီးမှ ရတဲ့ အင်အားမျိုး ဖြစ်နေတယ်။ အုပ်စုကနေ ရတဲ့ အင်အားပေါ့။ အခုခေတ်လူတွေက အုပ်စုကနေရတဲ့ အင်အားကို ရဖို့ ခဲယဉ်းသွားပြီး။ ဘယ်အုပ်စုထဲမှာမှ မပါတော့တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွေးတတ်တဲ့သူဟာ အုပ်စုထဲကို ၀င်ဖို့ မလွယ်ဘူး။
တချို့လည်း အုပ်စုနဲ့နေတဲ့သူတွေ ရှိပါသေးတယ်။ အဖွဲ့အစည်း တစ်ခုခု၊ ဘာသာရေးအသင်းအဖွဲ့ တစ်ခုခု၊ အယူအဆ အတွေးအခေါ် အသင်းအဖွဲ့ တစ်ခုခုထဲမှာ ပါတဲ့လူတွေလည်း ရှိသလို၊ လူများစုကတော့ ဘယ်အုပ်စုထဲမှာမှ မပါဘူး။ သူ့စိတ်ကိုသူ တကယ်ကြည့်တဲ့အခါ ဒီဘက်အုပ်စုနဲ့လည်း သူနဲ့ မကိုက်ဘူး၊ ဟိုဘက်အုပ်စုနဲ့လည်း သူ့စိတ်နဲ့ မကိုက်ဘူး။ ဘယ်အုပ်စုထဲကိုမှ ၀င်လို့မရဘူး၊ ၀င်မယ်ဆိုရင်တောင်မှ အပေါ်ယံ ဟန်ပြပဲ ၀င်လို့ရတယ်၊ တကယ် စိတ်မပါဘူး။
အုပ်စုတစ်ခုထဲ ၀င်ထားပြီးတော့ အပေါ်ယံဟန်ပြလောက် လုပ်နေရုံနဲ့လည်း စိတ်ရဲ့ ကျေနပ်မှုကို မရဘူး။ မရတော့ အခုခေတ် လူတွေဟာ သူ့ရဲ့သတ္တိ သူ့ရဲ့အင်အားကို ဘယ်ကရအောင် လုပ်ရမလဲဆိုတော့ (စဉ်းစားစမ်းပါ)။ သူ့အတွင်းကပဲ ရအောင် လုပ်ရမယ်၊ အပြင်ကနေ မရနိုင်တော့ဘူး။
ရှေးခေတ်ကလူတွေဟာ အားကိုးစရာ မှီခိုစရာ သတ္တိကို အပြင်ကနေရကြတာ များတယ်။ တချို့ ရှေးခေတ်ကလူတွေ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်သူ့ကိုမှ မှီခိုမှုမရှိပဲ ကိုယ့်အသိဥာဏ်နဲ့ ကိုယ့်ဘ၀ကို နေသွားကြတဲ့လူတွေ အများကြီး ရှိခဲ့ပါတယ်။ အုပ်စုနောက်ကို လိုက်မသွားပဲနဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားခဲ့တဲ့ လူတွေ ရှိပါတယ်နော်။
အခုခေတ်မှာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဖို့ ပိုတောင် အရေးကြီးလာပြီ။ ကိုယ့်ရဲ့အင်အား၊ ကိုယ့်ရဲ့ သတ္တိ၊ ကိုယ့်ရဲ့ ပြတ်သားမှုဟာ၊ ကိုယ့်အတွင်းကပဲ လာမှ ရတော့တယ်။ ဒါကြောင့် အခုခေတ်လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပိုပြီးတော့ အရေးကြီးလာပြီ။ ဒါကို မလုပ်လို့ မဖြစ်တော့ဘူး။ ကိုယ့်စိတ်ကို ကိုယ် တကယ်မသိရင် ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ပါရမီ၊ ကိုယ့်အထုံဗီဇ၊ ကိုယ့်ဝါသနာ အဲဒါတွေကို တကယ်မသိလို့ရှိရင် ယောင်လည်လည်နဲ့ မရေရာတဲ့ ဘ၀မှာပဲ နေသွားရင်းကနေ အဓိပ္ပာယ်မရှိပဲနဲ့ သေသွားမှာပဲ။ သေသည်ထိအောင် ကိုယ့်ဘ၀ကို ကိုယ် ကျေကျေနပ်နပ် နေသွားလို့ ရမှာမဟုတ်ဘူး။ အသက် ၈၀ နေရ နေရ ၉၀ နေရ နေရ မရေရာတဲ့ဘ၀မှာ သေသည်ထိအောင် နေသွားရမှာပဲ။ ကိုယ့်အသိဥာဏ်က မရေရာရင် ကိုယ့်ဘ၀လည်း မရေရာဘူး။
ဒါကြောင့် မရေရာမှုတွေ အင်မတန်များနေတဲ့ ခေတ်မှာ ကိုယ့်မှာ ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ပြတ်ပြတ်သားသား တန်ဖိုးထားနိုင်တဲ့ value ဆိုတာ ရှိရမယ်။ တန်ဖိုးထားမှု တစ်ခုခု ရှိရမယ်။ ခေတ်တွေ ဘယ်လိုပြောင်းသွားပြောင်းသွား ငါ့ရဲ့ တန်ဖိုးထားမှုကတော့ မပြောင်းတော့ဘူး။ ငါ ဒါကို တန်ဖိုးထားတယ်။ နောက်ဘ၀ထိအောင် တန်ဖိုးထားမယ်ဆိုတာမျိုး ရှိကိုရှိမှ ဖြစ်မယ်။
ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ဘ၀ကို စုစည်းပေးတယ်၊ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။ ဥပမာ - နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကို ထားကြည့်မယ်ဆိုရင် အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်နော်။ တစ်နေရာထဲမှာ အလင်းရောင်တွေ လာစုတဲ့အတွက်ကြောင့် သူ့ရဲ့ အစွမ်းသတ္တိဟာ ပိုပြီးတော့ ထက်မြက်လာတယ်။ အဲသလိုပဲ တစ်ခုခုကို ကိုယ်က ပြတ်ပြတ်သားသား ရည်မှန်းချက်ထားလိုက်ပြီ ဆိုရင်.. အဲဒီရည်မှန်းချက်က ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားတွေ၊ အသိဥာဏ် အင်အားတွေကို စုပေးလိုက်တာပဲ။ အဲသလို စုလိုက်မှပဲ သူ့ရဲ့ အစွမ်းသတ္တိက ထက်မြက်လာတယ်။
ကောင်းရင်ကောင်း 💧
🍀သူ့ စိတ်ထဲမှာ ရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမယ့်အလုပ်ကို မလုပ်ရတဲ့ အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။🍀
👻👻👻
Emptiness and bordom have become much more serious state for many people.
ဟာတာတာကြီး ဖြစ်နေတယ်၊ ဘာမှ စိတ်ပါလက်ပါ လုပ်ချင်တာ မရှိဘူး၊ ဘာကို
လိုချင်မှန်းလည်း မသိဘူး။ ပျင်းနေတာ အခုခေတ် ပိုပြီးတော့ ဆိုးလာတယ်။ ဒါကိုနားလည်ဖို့ အင်မတန် အရေးကြီးတယ်။ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ငယ်ငယ်ရွယ်ရွယ်ထဲက၊ သိတတ်တဲ့အရွယ်ထဲက ဒီကိစ္စကို စဉ်းစားသင့်တယ်။ ငါ့ဘ၀ empty ဖြစ်မနေအောင်၊ အဓိပ္ပါယ်မရှိသလို ဖြစ်မနေအောင်၊ ငါ့ရင်ထဲမှာ
ဂလိုင်ကြီး ဖြစ်မနေအောင်၊ ငါ့ဦးနှောက်ထဲမှာ ဂလိုင်ကြီး ဖြစ်မနေအောင်၊ ပျင်းတယ်ဆိုတာ ငါ့ဘ၀မှာ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်နိုင်သလောက် စောစောထဲက စဉ်းစားပြီးတော့ နည်းလမ်းရှာသင့်တယ်။
👻👻👻
လူ့ဟာ သူ့ဘ၀မှာ၊ သူ့စိတ်ထဲမှာ empty ဖြစ်ပြီးတော့နေတဲ့ အခြေအနေမျိုးမှာ
တာရှည်မနေနိုင်ဘူး။ ဘာကို ရည်ရွယ်ချက် ထားရမှန်းမသိ၊ ဘာလိုချင်မှန်း မသိ၊
ဘာဖြစ်ချင်မှန်းမသိ၊ ဘာကိုယုံရမှန်းလည်း မသိ၊ လုပ်ချင်တာကိုလည်း လုပ်လို့မဖြစ်၊ အဲသလိုအခြေအနေမှာ တာရှည်မနေနိုင်ဘူး။ တစ်ခုခု သေချာလာတဲ့၊ ရေရာလာတဲ့၊ တန်ဖိုးရှိလာတဲ့ အဖြစ်မျိုး၊ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး သိလာတဲ့ အဖြစ်မျိုးကို
ရှေ့တိုးမသွားလို့ရှိရင် သူဟာ သူ့နေရာမှာတင်သူ ရပ်နေတာ မဟုတ်တော့ဘူး။ သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့
အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမယ့်အလုပ်ကို မလုပ်ရတဲ့အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။ စိတ်ပျက်လာတယ်၊
စိတ်ဓာတ်ကျလာတယ်၊ ငြီးငွေ့လာတယ်။ ကြာလာတော့ တချို့က ကိုယ့်ဘ၀ကိုကိုယ်
ဖျက်ဆီးတဲ့ အလုပ်တွေ လုပ်လာတယ်။ အရက်တွေကို အလွန်အကျွံသောက်တာတို့၊
မူးယစ်ဆေးဝါးတွေ သုံးတာတို့၊ တချို့လည်း သူများပါ ဒုက္ခရောက်အောင် ရမ်းကားတာတွေ လုပ်လာတော့တယ်။ လူရဲ့စိတ်ဓာတ်အင်အားတွေ၊ အသိဥာဏ်အင်အားတွေဟာ ကောင်းတာကို လုပ်နေရင် ကောင်းတဲ့ဘက်ကို သွားနေတယ်၊ ကောင်းတာမလုပ်ရရင် ဆိုးတာကို လုပ်တော့တာပဲ။ လူဆိုတဲ့သတ္တ၀ါဟာ မကောင်း မဆိုး ဆိုတာ တော်တော်ရှားတယ်၊ ကောင်းရင်
ကောင်း၊ မကောင်းရင်တော့ ဆိုးတော့မှာပဲ။
👻👻👻
လူတွေရဲ့ စိတ်ထဲမှာ empty ဖြစ်နေတဲ့ ခံစားမှုကို ခံစားနေရတဲ့ အကြောင်းရင်းက သူတို့စိတ်ထဲမှာ သူတို့ဘ၀နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကို
ထိထိရောက်ရောက်လုပ်ဖို့ရာ မစွမ်းနိုင်တော့ဘူးလို့ ခံစားနေရတာ၊ "ငါ့ဘ၀ ကောင်းလာဖို့ ငါဘာမှ မတတ်နိုင်တော့ဘူး။ ငါ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ငါ့မိသားစု၊ ငါနေတဲ့ လူ့အသိုင်းအ၀ိုင်းကြီး ကောင်းလာဖို့ကိုလည်း ငါ့ဘက်က ဘာမှ ထိထိရောက်ရောက် မတတ်နိုင်ဘူး" လို့ ခံစားနေရတာ၊ အဲသလို ခံစားနေရတဲ့၊ အဲ့သလို powerless ဖြစ်တဲ့ စိတ်ကြောင့်လည်းပဲ စိတ်ထဲမှာ empty
ဖြစ်သွားတယ်။ ဘာလုပ်ရမှန်း မသိတာလည်း ပါသလို၊ မလုပ်နိုင်ပါဘူး၊ မတတ်နိုင်ပါဘူး၊
မစွမ်းနိုင်ပါဘူးလို့ အဲသလို ခံစားနေရတာလည်း ပါနေတယ်။ အဲဒါကြောင့်လည်းပဲ စိတ်ထဲမှာ empty ဖြစ်လာတယ်။ ဒီအချက်ကလည်းပဲ ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်ဘူး။⚡️⚡️⚡️
➖➖➖➖♻️♻️♻️➖➖➖➖
ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ )
၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်၊၊
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment