🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
လွတ်လပ်မှု ( ၈ )

What matters most is what sort of person you are becoming, what sort of life you are living.
အရေးအကြီးဆုံး အချက်က ကိုယ်ဘယ်လိုလူ ဖြစ်လာနေသလဲ။ ဘယ်လိုဘဝမျိုးကို နေနေသလဲ။ အဲဒါ အရေးကြီးဆုံးဖြစ်တယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဂုဏ်သိက္ခာရှိတဲ့သူ ဖြစ်နေရမယ်။ လွတ်လပ်တဲ့သူ ဖြစ်နေရမယ်။ ငါ့ရင်ထဲက ဂုဏ်သိက္ခာကို ဘယ်သူ ယူသွားလို့ရမလဲ။ ငါ့ရင်ထဲက လွတ်လပ်မှုကို ဘယ်သူ ယူသွားလို့ရမလဲ။ ငါ့ဘဝအခြေအနေဟာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငါဟာ အေးချမ်းတဲ့သူ လွတ်လပ်တဲ့သူ ရိုးသားတဲ့သူ ဖြစ်ရမယ်။
ပိပိရိရိ လိမ်နိုင် ညာနိုင်တဲ့သူဟာ နေရေးထိုင်ရေး အဆင်ပြေတဲ့သူတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အမှန်တရားနဲ့ လွတ်လပ်မှုကိုတော့ ဘယ်လိုနည်းနဲ့မှ ရနိုင်မှာ မဟုတ်ဘူး။
မာနက ကိုယ့်ကုပ်ကို ခွစီးပြီးတော့ 'လုပ်ဟဲ့.. လုပ်ဟဲ့.. သူ့ထက်သာအောင်၊ ကြွားဟဲ့.. ကြွားဟဲ့..' လို့ ကုပ်ကို ခွစီးပြီး ကိုယ့်ကို နှင်တံနဲ့ အတင်းထိုးနေလို့ ကိုယ့်မှာ အမောဆို့နေတာတောင်မှ မနားနိုင်ဘဲ ပြေးလွှားနေရတာကို မသိဘူး။ ကိုယ့်ကိုယ်ကိုတော့ ငါ လွတ်လွတ်လပ်လပ်ကြီး လုပ်နေရပြီလို့ မှတ်နေတာပဲ။
ကိလေသာတွေ ဖြစ်ခွင့်မရတဲ့အခါ သတိ၊ သမာဓိ ကောင်းနေတဲ့အခါ ဝိပဿနာဥာဏ်ဖြစ်နေတဲ့အခါမှာ စိတ်က လွတ်လပ်နေတယ်၊ အေးချမ်းနေတယ်။ ဒီလို တရားကို သိတဲ့သူဟာ ငြိမ်းချမ်းမှုနဲ့ မငြိမ်းချမ်းမှုကိုလည်း သိတယ်၊ လွတ်လပ်မှုနဲ့ မလွတ်လပ်မှုကိုလည်း ကွဲကွဲပြားပြား သိနေတယ်။
သိမ်ငယ်တဲ့စိတ်ကလေး သက်သာဖို့ကို နည်းမျိုးစုံနဲ့ လုပ်ကြတယ်။ အဝတ်နဲ့ လုပ်ကြတယ်၊ အစားနဲ့ လုပ်ကြတယ်။ အမျိုးမျိုးကြွားတယ်။ သူများထက်သာကြောင်းကို ပြချင်တယ်။ ဒီလို သူများထက်သာကြောင်းကို နည်းမျိုးစုံနဲ့ ပြနေတာကိုက စိတ်ထဲမှာ သိမ်ငယ်စိတ် ရှိလို့ဆိုတာ သိသာတယ်။ ကိုယ့်စိတ်ထဲမှာ သိမ်ငယ်တဲ့စိတ် မရှိရင် သူများထက်သာကြောင်း ပြနေဖို့ မလိုတော့ဘူး။ လွတ်လပ်သွားပြီ။ ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်လို့ မှန်မှန်ကန်ကန် မခံစားရတဲ့လူဟာ လူကြွားကြီး ဖြစ်လာတယ်။
ကြွားချင်တဲ့သူဟာ အရှက်ကွဲရတတ်တယ်။
အထင်ကြီး ခံချင်လွန်းတဲ့သူဟာ မကြာခင်မှာ အထင်သေး ခံရတတ်တယ်။ သူများကိုယ့်ကို အထင်ကြီးတယ်ဆိုတာ သူ့စိတ်ထဲမှာ ခဏလေး ပေါ်လိုက်တဲ့ အတွေးလေးတစ်ခုပါ။
စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားပဲ နေနိုင်တာလည်း ဂုဏ်တစ်ခု မဟုတ်ပါဘူး။ တချို့က စားနိုင်တာကို ကြွားတယ်။ တချို့က မစားပဲ နေနိုင်တာကို ကြွားတယ်။ နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။ အပျော်အပါးတွေကို များများခံစားတဲ့သူက သူ ခံစားနိုင်တာကို ကြွားတယ်။ အပျော်အပါးတွေကို မခံစားတဲ့သူက သူ မခံစားတဲ့အကြောင်းကို ကြွားတယ်။ နှစ်ဦးစလုံးရဲ့ စိတ်ဟာ သဘာဝချင်း အတူတူပဲ။ ကြွားတာဟာ မလွတ်လပ်တာပဲ။
စားတာမှာ လွတ်လပ်မှု၊ ဝတ်တာမှာ လွတ်လပ်မှု၊ ပြောတာ ဆိုတာမှာ လွတ်လပ်မှု၊ ဆက်ဆံရေးမှာ လွတ်လပ်မှု၊ ပညာရှာတာမှာ လွတ်လပ်မှု၊ စီးပွားဥစ္စာရှာတာမှာ လွတ်လပ်မှု၊ အလုပ် လုပ်တာမှာ လွတ်လပ်မှု။ အဲဒီလို လွတ်လပ်မှု အမျိုးမျိုးကို နေ့စဉ် သတိထားပြီးတော့ ပိုပြီး လွတ်လပ်မှုရှိအောင် ကြိုးစားနေတဲ့သူမှာ တစ်နေ့ထက်တစ်နေ့ လွတ်လပ်မှု ပိုရှိလာမယ်။ အရည်အချင်းတွေလည်း ပိုထွက်လာမယ်။ စိတ်ဓာတ်လည်း ပိုမြင့်မားလာမယ်။
ငွေနဲ့ ကြွားတဲ့သူ အိမ်နဲ့ ကြွားတဲ့သူ ကားနဲ့ ကြွားတဲ့သူ ပစ္စည်းနဲ့ ကြွားတဲ့သူ စိန်တွေရွှေတွေနဲ့ ကြွားတဲ့သူဟာ တကယ် လူချမ်းသာ မဟုတ်သေးဘူး။ တကယ် ချမ်းသာတဲ့သူဟာ သူ ချမ်းသာတာကို မေ့ထားလို့ ရသွားပြီ။ ပြည့်စုံနေတဲ့စိတ် ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။
ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့အကြောင်းကို မတွေးတော့ဘူး။ ထမင်းစားပြီးပေမဲ့ ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင် ဘယ်လို ယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။ ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်းကိုပဲ တွေးနေရင် သူ့စိတ်က မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။ ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။ တကယ် ရာထူးကြီးကြီးနဲ့ တန်တဲ့သူဟာ ရာထူးအကြောင်းကို မတွေးတော့ဘူး။ သူနဲ့မတန်တဲ့ရာထူးကို ရထားတဲ့သူဟာ သူ့ရာထူးအကြောင်းကို သူ မေ့လို့မရဘူး။ ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး သူ့ကို စကားပြောနေမှ သူကျေနပ်တယ်။ သူ့ရာထူးကို မခေါ်ပဲ သူ့နာမည်ကို ခေါ်တဲ့သူကို သူ ရန်ညိုးထားတော့မယ်။ သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာတော့ သူ ရာထူးကို မေ့သွားပြီ။ တာဝန်ကျေအောင်တော့ လုပ်မယ်။ ဒါပေမဲ့ အဲဒီရာထူးကို အဓိကမထားတော့ဘူး။ အဲဒီလိုလူမှ ရာထူးနဲ့ တန်တဲ့သူ ဖြစ်သွားပြီ၊ သူ့အလုပ်ကို သူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။ ဒါပေမဲ့ အဲဒီလိုလူက သိပ်ရှားပါတယ်။
လွတ်လပ်တဲ့သူဟာ သူ လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိအောင် မကြွားဘူး။
အပြစ်တင်ချင်နေတာ၊ ဝေဖန်ချင်နေတာ၊ ရှုံ့ချချင်နေတာ ဘာကြောင့်လဲ။ သူများကို အပြစ်တင်ရှုံ့ချနေရမှ ကိုယ့်မှာ နေလို့ ဖြစ်သလား။ သူများကို အပြစ်တင်နေရတာဟာ ကိုယ့်မှာ မရှိမဖြစ်လိုအပ်နေတဲ့ ကိစ္စလား။ ဘာဖြစ်လို့ လိုအပ်နေတာလဲ။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တော်တဲ့သူ၊ စွမ်းတဲ့သူ၊ ထက်တဲ့သူလို့ ခံစားရသလား။ သူများ ကိုယ့်ကိုကြောက်နေမှ ကိုယ့်ကိုယ်ကို စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာ ကျသွားမှ ကိုယ့်ဂုဏ်သိက္ခာ တက်မှာလား။ တကယ် လွတ်လပ်တဲ့သူ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်ပါ။
ကောင်းတာကို လုပ်တဲ့အခါမှာ လူသိစေချင်တဲ့စိတ် အားကြီးနေရင် လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ တကယ်ကောင်းတဲ့သူဟာ 'ငါ ကောင်းတယ်' လို့တောင် မတွေးတော့ဘူး။
👻👻👻
အကျိုးကို မမျှော်ပဲ လုပ်သင့်တာကိုလုပ်တတ်တဲ့ အလေ့အကျင့် များလာတဲ့အခါ ကိုယ့်စိတ်က ပိုပြီး လွတ်လပ်လာတာကို တွေ့ရမယ်။ ကိုယ့်စိတ်က ကိုယ်ကျိုးကို မျှော်လင့်သလား မမျှော်လင့်ဘူးလား ဆိုတာကို တိတိကျကျ သိနိုင်ဖို့ဟာ ကိုယ့်စိတ်ကို ကိုယ် ရိုးရိုးသားသား သတ္တိရှိရှိ ကြည့်နိုင်မှ ရမယ်။ 'ငါက ကိုယ့်ကျိုးကို မမျှော်ပါဘူး' ဆိုတဲ့ ဂုဏ်ကို လိုချင်နေရင်တောင် မလွတ်လပ်တော့ဘူး။
👻👻👻
တကယ်လွတ်လပ်တဲ့သူ ဖြစ်ချင်တယ် ဆိုရင် လုပ်သင့်တဲ့ အလုပ်ကို ဘယ်သူမှ မခိုင်းရပဲ လုပ်ပါ။ ကိုယ့်စိတ်ကူး ကိုယ့်အတွေးအခေါ်နဲ့ကိုယ် လုပ်ပါ။ ကိုယ့်ပညာရေးကို ကိုယ့်လက်ထဲမှာ ထားပါ။ ကိုယ့်ပညာ ကိုယ်ရှာပါ။ ကိုယ် ဘာကို တန်ဖိုးထားတယ် ဆိုတာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ။ အဲဒါ တော်တော် စွန့်စားရလိမ့်မယ်။ Take the risk. စွန့်စားလိုက်ပါ၊၊ လွတ်လပ်တဲ့ဘဝကို ရဖို့ စွန့်လွှတ်ရမယ်ဆိုရင် ဘာမဆို စွန့်လွှတ်နိုင်ရမယ်။
👻👻👻
ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ့်ဟာကိုယ် လူကောင်းသူကောင်း ဖြစ်အောင် လုပ်ယူမယ်။ ကိုယ့်ဆန္ဒမပါပဲ ကိုယ်ကိုယ်တိုင် မလုပ်ရပဲ သူများ လုပ်ပေးလို့ လူကောင်းသူကောင်း ဖြစ်တာကို လက်မခံနိုင်ဘူး။ သူများ လုပ်ပေးတာကို လက်ခံလိုက်ရင် ကိုယ့်ရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားမယ်။🌿🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
🌟ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🌟
(page 125 - 128)
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥

Myanmar Kyat Converter
No comments:
Post a Comment