{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015

    ((((( နှလုံးသားတိုင်းဟာ အလှတရားရဲ့ခေါ်သံကို ကြားတယ် )))))

    LIFE's photo.
    အမှန်တရားဟာ လှပတဲ့သဘော ရှိတယ်။ မှန်လိုက်တာဆိုရင်ကိုပဲ အဲဒါ လှလိုက်တာလို့ အဓိပ္ပါယ်ပေါက်တယ်။ အကြောင်းအကျိုး ကိုက်လိုက်တာ၊ သဘာဝကျလိုက်တာ၊ သူ့ဟာနဲ့သူ အကြောင်းလေး၊ အကျိုးလေးနဲ့ကို အဆင်ပြေနေတာ၊ အဲဒါ လှပမှု တစ်ခုပဲ။ အချိုးကျတယ်။ လိုက်ဖက်တယ်။ အံဝင်ခွင်ကျ ဖြစ်နေတယ်။ ညီညွှတ်မှုရှိတယ်။ ဒါကြောင့် "Truth is beauty" လို့ ပြောလို့ရတယ်။ ဒါကို လေးလေးနက်နက် စဉ်းစားပါ…နော်။ ပညာရှင် တော်တော်များများဟာ အမှန်တရားနဲ့အလှအပကို တွဲပြီး ပြောကြတယ်။ Truth က beauty တစ်မျိုးပဲ။ အမှန်တရားဟာ အလှအပ တစ်မျိုးပဲ၊၊ မမှန်တဲ့အရာဟာ မလှတဲ့အရာ ဖြစ်တယ်။ အကျဉ်းတန်တဲ့အရာ ဖြစ်တယ်။

    Every heart hears the csll of the beautiful.
    စိတ်နှလုံးသားတိုင်းဟာ အလှတရားရဲ့ခေါ်သံကို ကြားတယ်။ ဆိုလိုတာက လူတိုင်း လှတာကို မြင်ရကြားရ သိရတဲ့အခါ နှစ်သက်တဲ့စိတ် ပျော်တဲ့စိတ် ဖြစ်တယ်။ အလှအပဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်တယ်လို့ ဆိုလိုတယ်။ ပျော်နေတဲ့မျက်နှာဟာ လှသလို တည်ငြိမ်အေးချမ်းနေတဲ့ မျက်နှာဟာလည်း လှတယ်။ ဘုရားရှိခိုးနေတဲ့သူ လက်အုပ်ချီထားတာကို မြင်ရတာဟာ လှပတာကို မြင်ရတာ၊ တရားထိုင်နေတဲ့သူကို မြင်ရတာဟာ အေးချမ်းမှု၊ တည်ငြိမ်မှုနဲ့ လှပမှုကို မြင်ရတာ ဖြစ်တယ်။
    If you recognize a flower's beauty, it's because you are beautiful at that moment.
    ပန်းကလေးတစ်ပွင့်ရဲ့အလှကို သတိထားမိတယ်ဆိုရင် အဲဒီ အခိုက်အတန့်မှာ သင့်စိတ်ဟာ လှနေလို့ပဲ။ လှတဲ့စိတ်ရှိမှ လှတာကို မြင်တယ်၊၊

    အဆင်မပြေတာတစ်ခုကို မြင်နေရရင် စိတ်က အနားမရဘူး..နော်။ မလှတဲ့အရာဟာ စိတ်ကို ပင်ပန်းစေတယ်။ မလှပတာ အဆင်မပြေတာဟာ စိတ်ကို အနားမပေးဘူး။ ဒါကိုပြင်လိုက်၊ ဒါကိုပြင်လိုက်၊ ဒါကို တစ်ခုခု လုပ်လိုက်ပါလို့ ပြောနေတယ်။ ဒါကို လက်မခံရဘူးလို့ ပြောနေတယ်။ သန့်ရှင်းမှု၊ လှပမှု၊ အဆင်ပြေမှုဟာ စိတ်ကို ငြိမ်းချမ်းသွားစေတယ်၊၊ စိတ်ကျန်းမာတဲ့သူဟာ လောကပေါ်မှာ သဘောထား မှန်တယ်၊၊ လောကကြီးကို မကျေနပ်တဲ့သူ၊ လောကကြီးကို ရန်လုပ်ချင်တဲ့သူ၊ လောကကြီးဟာ ငါ့အပေါ်မှာ မကောင်းဘူး၊ ဒါကြောင့် ငါလောကကြီးကို ဒဏ်ခတ်ရမယ်လို့ သဘောထားတဲ့သူ၊ လောကကြီးဟာ ကြောက်စရာကောင်းတယ်လို့ မြင်တဲ့သူ၊ မုန်းစရာကောင်းတယ်လို့ မြင်တဲ့သူဟာ လောကကြီးကို ဖျက်ဆီးမယ်။ လောကနဲ့ ဆက်ဆံရေးမကောင်းတာဟာ စိတ်မကျန်းမာတဲ့သဘောဖြစ်တယ်။ စိတ်ကျန်းမာတဲ့သူဟာ လောကပေါ်မှာ သဘောထားမှန်တယ်။ ဆက်ဆံရေးကောင်းတယ်။ ဒါကြောင့် မဖျက်ဆီးဘူး၊၊
    အရာတွေအားလုံးမှာ လှပတာနဲ့ မလှပတာ နှစ်မျိုးရှိနေတယ်၊၊

    အလှအပဆိုတဲ့စကားမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အလှအပတွေကိုလည်း ထည့်ပြီးစဉ်းစားဖို့ လိုတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေမှာလည်း လှတာနဲ့မလှတာ ရှိပါတယ်၊၊ လူတွေက လှတယ်လို့ပြောရင် မျက်စေ့နဲ့ မြင်ရတာကိုပဲ ချက်ချင်း စိတ်ကရောက်သွားတယ်။ နားနဲ့ကြားတာမှာလည်း လှတာဆိုတာ ၇ှိသလို၊ မလှတာလည်း ရှိတယ်နော်။ နှာခေါင်းက အနံ့ရတာမှာလည်း ဒီအဓိပ္ပာယ်မျိုး ကောက်လိုက်ပါ၊၊ အမှိုက်တွေကို မီးရှို့ကြတယ်။ အမှိုက်တွေထဲမှာ အဆိပ်ဖြစ်တဲ့အရာတွေ အများကြီး ပါနေတယ်။ အဲဒီတော့ မျက်စေ့ရော၊ နားရော၊ နှာခေါင်းရော၊ လျှာရော၊ ခန္ဓာကိုယ်ရော၊ စိတ်ရော အကုန်လုံးမှာ လာပြီးထိတွေ့နေတဲ့ အရာတွေအားလုံးဟာ လှပတာနဲ့ မလှပတာ နှစ်မျိုး ရှိနေတယ်။ အဲဒါကို လေးလေးနက်နက် သဘောပေါက်ဖို့ လိုတယ်။ မလှပတာတွေနဲ့ ထိတွေ့ရတာ များနေရင် မကောင်းကျိုးသက်ရောက်မှုကို ခံရမှာပဲ၊၊
    သတိဆိုတာ အလှတရားတစ်မျိုး

    ဒီအလှအပရဲ့ healing power ဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်တင်မကဘူး။ စိတ်ထဲထိအောင် နက်နက်ရှိုင်းရှိုင်း ရောက်သွားနေတယ်၊၊ ဘုန်းကြီးဟောခဲ့တဲ့တရားတွေဟာ စိတ်ကို ကြည်လင်စေတယ်။ ဒါကြောင့် healing power ရှိတယ်။ စိတ်ပင်ပန်းမှုကို သက်သာစေတယ်။ စိတ်သဘောထားတွေကို မြင့်မားစေတယ်၊၊ မြင့်မြတ်တာတစ်ခုခုကို သိအောင် မြင်အောင် အထောက်အကူပြုတယ်။ လေးနက်တဲ့ နူးညံ့တဲ့ သိမ်မွေ့တဲ့ ခံစားမှုကို ဖြစ်စေတယ်။ ဒါကြောင့်
    အနုပညာတစ်မျိုး ဖြစ်တယ်။ ဘာသာရေးနဲ့ အနုပညာ ဆက်စပ်မှု ရှိပါတယ်။ နှစ်မျိုးလုံးဟာ စိတ်ကို လှအောင် ပြုပြင်ပေးတယ်။ ဘ၀တစ်ခုလုံးကို လှအောင် ပြုပြင်ပေးတယ်။ ဒါကြောင့် စိတ်ကို ကျန်းမာစေတယ်၊၊ တရားအားထုတ်တာဟာလည်း ကျန်းမာရေးကို ပိုကောင်းစေနိုင်တဲ့ စွမ်းရည်သတ္တိ healing power သိပ်ကြီးတယ်၊၊ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကို ငြိမ်သက်စေတယ်။ တည်ငြိမ်တဲ့ သဘောရှိတယ်။ စိတ်ကို သန့်ရှင်းစေတယ်။ စိတ္တ၀ိသုဒ္ဓိကို ဖြစ်စေတယ်။ ၀ိသုဒ္ဓိဆိုတာ သန့်ရှင်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ စိတ်သန့်ရှင်းရင် စိတ်ကျန်းမာတယ်။

    It is only when you are living in the present that you are living spiritually.
    စိတ်ဟာ ပစ္စုပ္ပန်မှာနေမှသာ စိတ်ရဲ့ တည်ငြိမ်အေးချမ်းမှု၊ မြင့်မြတ်မှု၊ အဆင့်အတန်းမြင့်မားမှု၊ အရည်အသွေးတိုးတက်မှု ဖြစ်နိုင်မယ်။ ဒိဌိဝိသုဒ္ဓိ အမြင်စင်ကြယ်ခြင်း ဆိုတာလည်း ဖြစ်လာတယ်။ အဲဒါက ဥာဏ်ပညာဖြစ်လာလို့၊၊ အမြင်စင်ကြယ်ရင် စိတ်က ပိုပြီး ကျန်းမာလာတယ်။ အမှန်တရားကို သိလာတယ်။ မြင်လာတယ်။ အမှန်ကိုသိတဲ့ ဥာဏ်မှာ အင်မတန်ကြီးမားတဲ့ "healing power" ရှိတယ်။ အဲဒီအချိန်မှာ စိတ်က သိပ်လှနေတယ်၊၊ သတိဆိုတာ အလှတရားတစ်မျိုး ဖြစ်ပါတယ်။ သတိဟာ စိတ်ကို အလှဆင်ပေးတယ်။ သတိဆိုတဲ့ လမ်းကနေသွားရင် အမှန်တရားနဲ့ လွတ်လပ်မှုဆီကို ရောက်မယ်။ သတိနဲ့ အမြဲနေရင် ကိုယ်ကျင့်တရား(သီလ) ဆိုတာလည်း ပြည့်စုံလာလိမ့်မယ်။ ကိုယ်ကျင့်တရားဟာလည်း အလှတရားပဲ.. နော်။ သတိနဲ့ ကိုယ်ကျင့်တရား ရှိမှသာ ဥာဏ်ပညာဆိုတာ ရင့်ကျက်လာနိုင်တယ်။ သတိလို့ဆိုလိုက်ရင် သမာဓိလည်း ပါတယ်လို့ နားလည်လိုက်ပါ။ ကိုယ်ကျင့်တရား၊ သတိ၊ သမာဓိ၊ ပညာ တွဲမိရင် အင်မတန် အင်အားကြီးတဲ့စိတ် ဖြစ်လာတယ်။ အင်မတန် လှပတဲ့စိတ် ဖြစ်လာတယ်၊၊ လွတ်လပ်တဲ့စိတ်လည်း ဖြစ်လာတယ်၊၊

    သူ့သဘာဝနဲ့အလှကို ခံစားတတ်မှသာ အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာ အဲဒီ အလုပ်နဲ့ပတ်သက်တဲ့ (nature and
    beauty) သဘာဝနဲ့အလှကို (with feelings) ခံစားမှုရှိမှသာ အဲဒီအလုပ်ကိုလုပ်ရတာ ပျော်ရွှင်မှုရှိမယ်။ စိတ်ဝင်စားမှုရှိမယ်။ အဓိပ္ပာယ်ရှိမယ်။ ခံစားမှုမရှိပဲ ၀တ္တရားအရ လုပ်ရတယ်၊ ငွေရလို့ လုပ်ရတယ်၊ ဂုဏ်ရှိလို့ လုပ်ရတယ်ဆိုရင် ဟန်ပြလောက်ပဲ လုပ်မယ်။ တစ်သက်လုံးလုပ်နိုင်မှာ မဟုတ်ဘူး။ ခံစားမှုမရှိပဲလုပ်တဲ့ အလုပ်ဟာ ရိုးသားမှုလည်း မရှိဘူး။ ဥပမာ ခံစားမှုမရှိပဲ ရေးတဲ့စာဟာ ခြောက်သွေ့နေမယ်။ ခံစားမှုမရှိရင် ယုံကြည်မှုလည်း မရှိဘူး။ သူများသဘောကျဖို့ ရေးတဲ့စာဟာ ကိုယ်ကိုယ်တိုင်က ခံစားမှုမရှိရင် ကိုယ်တကယ်မသိတာကိုရေးသလို ဖြစ်နေမယ်။
    တရားအားထုတ်တာမှာလည်း ဒီလိုပါပဲ။ သတိရဲ့ (nature and beauty) သဘာဝနဲ့အလှကို မခံစားရပဲ ၀တ္တရားအရ အားထုတ်တဲ့သူဟာ ရေရှည်အားထုတ်နိုင်မှာ မဟုတ်ဘူး။ ပျော်မှာ မဟုတ်ဘူး။ တရားအားထုတ်သူဆိုရင် သတိနဲ့ နေနေတာကိုက ကျေနပ်စရာ အင်မတန်ကောင်းတယ်လို့ ခံစားရမယ်။ သတိနဲ့နေတာ ဘ၀ကို လှလှပပနေနည်းပဲ။ ဒါကြောင့် သစ်ပင်အကြောင်းကို လေ့လာမယ်ဆိုရင် သစ်ပင်ရဲ့ သဘာဝနဲ့အလှကို ခံစားမှုရှိရမယ်။ ခံစားတတ်ရမယ်။ အဲဒီလိုခံစားတတ်ရင် သစ်ပင်အကြောင်းကို
    တစ်သက်လုံး လေ့လာနေတာတောင်မှ ပျင်းသွားတယ်လို့ မရှိနိုင်ဘူး။ ဘယ်လိုအကြောင်းအရာကိုဖြစ်စေ သူ့သဘာဝနဲ့အလှကို နက်နက်နဲနဲ ခံစားတတ်ရင် သူ့အကြောင်းကို နက်နက်နဲနဲ သိမယ်။ သူနဲ့နေရာတာ ပျော်မယ်။ အဲဒါဟာ ကိုယ့်ဘ၀ရဲ့အဓိပ္ပာယ် ဖြစ်လာမယ်။ ဘာကိုမှ မခံစားတတ်တဲ့သူဟာ ဘာကိုမှ ချစ်တတ်မှာ မဟုတ်ဘူး။ ဘာကိုမှ သိနိုင်မှာလည်း မဟုတ်ဘူး။ အပေါ်ယံ အချက်အလက်လောက်ကို သိရုံမျှနဲ့ သိတယ်လို့ မဆိုနိုင်ဘူး။ တကယ်ချစ်တဲ့သူမှသာ တကယ်သိတဲ့သူ ဖြစ်မယ်။ တကယ်ချစ်ဖို့ဆိုရင်လည်း သူ့သဘာဝနဲ့အလှကို ခံစားတတ်မှသာ ဖြစ်နိုင်မယ်။
    ကိုယ့်စိတ်ကို သန့်စေချင်တယ်ဆိုရင် အလှအပကို ခံစားတတ်ရမယ်။

    အလှအပကို ခံစားတတ်ရမယ်ဆိုတာ မျက်စေ့နဲ့ မြင်ရတဲ့ အလှအပလည်း ခံစားတတ်ရမယ်။ မျက်စေ့နဲ့ မမြင်ရတဲ့ အလှအပလည်း ခံစားတတ်ရမယ်။ အမှိုက်ပုံဟာ မလှဘူး။ သန့်ရှင်းနေရင် လှတယ်။ ဒါလဲ ခံစားတတ်ရမှာနော်။ အဲဒီလိုပဲ မရိုးသားတဲ့စိတ်၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ လောဘအားကြီး လွန်းတဲ့စိတ်၊ ဒေါသအားကြီးလွန်းတဲ့စိတ်၊ ခက်ထန်တဲ့စိတ်၊ ကြမ်းတမ်းတဲ့စိတ်၊ အနိုင်ကျင့်ချင်တဲ့စိတ်၊ မာနစိတ်၊ မနာလိုဝန်တိုတဲ့ စိတ်တွေဟာ လှသလား. "မလှပါဘူး ဘုရား။" အလွန်အရုပ်ဆိုးတာပဲ။ အလွန်ညစ်ပတ်တာပဲ။ မသန့်ရှင်းဘူးလို့လဲ ပြောလို့ရတယ်နော်။ အဆင့်အတန်းနိမ့်တဲ့ စိတ်မျိုးတွေလို့ ပြောရမယ်။ (morally ugly consciousness) အရုပ်ဆိုး အကျည်းတန်တဲ့စိတ် ဖြစ်တယ်။ မလှဘူးလို့ ပြောလို့ရသလို မသန့်ရှင်းဘူးလို့လဲ ပြောလို့ရတယ်။ "unclean" ကိုယ့်စိတ်ထဲမှာ အဲဒီလို မလှပတဲ့စိတ်၊ မသန့်ရှင်းတဲ့စိတ်တွေ ဖြစ်နေရင် လက်ခံထားမလား။ "လက်ခံ မထားပါဘူး။" "ကိုယ့်အိမ်မှာ အနံ့အသက် မကောင်းတာတွေ ရှိနေမယ်၊ ရှုပ်နေမယ်ဆိုရင် ဘာလုပ်မလဲ။" "မကောင်းတဲ့ အနံ့တွေ ပျောက်အောင်လုပ်မယ်။ ရှုပ်နေတာတွေကို ရှင်းရတော့မှာဘဲ။" အဲဒီလိုပဲ ကိုယ့်စိတ်ထဲမှာ မလှပတာ၊ မသန့်ရှင်းတာတွေ ဖြစ်နေရင် ဘယ်နယ့်လုပ်မလဲ။ ရှင်းရမယ်…နော်။ အိမ်မှာ မသန့်ရှင်းတာတွေ၊ အနံ့အသက်နံစော်နေတာတွေ ထားရင် ဘာဖြစ်မလဲ။ အနံ့ ရှုလို့ မကောင်းဘူးဆိုရင် စိတ် မကြည်မလင်ဖြစ်မယ်။ မကောင်းတဲ့အနံ့ဟာလည်း (stress) ဖြစ်တယ်။ ကိုယ်ရောစိတ်ပါ ပင်ပန်းစေတယ်။ ကျန်းမာရေးလဲ ထိခိုက်မယ်။ ထို့အတူပဲ စိတ်မှာ မသန့်ရှင်းတာတွေ ဖြစ်နေတာကို လက်ခံထားရင် ဘယ်နယ်နေမလဲ။ စိတ်မှာ stress ဖြစ်တယ်။ စိတ်ပင်ပန်းတယ်။ စိတ်မကျန်းမာဘူး။ စိတ်ကျန်းမာချင်ရင် စိတ်သန့်ရှင်းဖို့ လိုတယ်။ စိတ် လှဖို့လိုတယ်။ ရိုးသားဖို့လိုတယ်။ မရိုးသားတာဟာ မလှပတာ တစ်မျိုးပဲ၊၊ စာပေအရေးအသားကို ဝေဖန်တာမှာ -- သူ့စာဟာ ရိုးသားတယ်လို့ ဝေဖန်တာ ကြားဖူးတယ်။ authentic ဖြစ်တယ်လို့ ဝေဖန်တယ်။ authentic ဆိုတာ truthful စစ်မှန်တယ်လို့ ပြောတာ… နော်။ အတုမဟုတ်ဘူးလို့ ဆိုလိုတယ်။ မရိုးသားတဲ့စာဟာ မလှဘူး။ တန်ဖိုးမရှိဘူး။ စိတ်လှအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ မလှတဲ့စိတ်တွေ ဖြစ်တဲ့အခါမှာ မလှဘူးလို့ သိဖို့ လိုပါတယ်။ ဘုရားဟောတာ လောဘ ဖြစ်နေတဲ့အခါမှာ လောဘဖြစ်နေတယ်လို့ သိလိုက်ပါတဲ့။ မလှတဲ့ လောဘစိတ် ဖြစ်နေတဲ့အခါမှာ မလှတဲ့လောဘစိတ် ဖြစ်နေတယ်လို့ သိပါ။ ပူလောင်တယ်၊ မအေးချမ်းဘူး၊ မသန့်ရှင်းဘူး။ မသန့်ရှင်းတဲ့ စိတ်တွေ ဖြစ်နေတယ်။ ညစ်ပတ်တဲ့စိတ်တွေ ဖြစ်နေတယ်။ သိလိုက်ပါ။ သိနေတာက စ, ရတယ်။ သတိဆိုတဲ့ သဘောဟာ ကောင်းတဲ့သဘော၊ ကုသိုလ်သဘော။ သူက သန့်ရှင်းအောင် လုပ်ပေးနိုင်တဲ့ စွမ်းရည် သတ္တိရှိတယ်။ အခု ရေသန့်စက်တွေက ရေကို သန့်အောင်လုပ်ပေးသလို အဲဒီလိုပဲ သတိကလဲ စိတ်ကို သန့်အောင် လုပ်ပေးနေတဲ့ သဘောရှိတယ်။ အဲဒီတော့ သတိ အားကောင်းလာရင် သမာဓိ အားကောင်းလာပြီးတော့ ဥာဏ်ပညာတွေပါ ဖြစ်လာတယ်။ သတိမပါပဲ ဥာဏ်ဖြစ်တာ မရှိဘူး။ သတိ၊ သမာဓိ၊ ပညာ ဒီသုံးခုလုံးဟာ စိတ်ကို သန့်ရှင်းအောင် လုပ်ပေးတယ်။ သန့်စေတဲ့ သတ္တိရှိတယ်။ အဲဒီတော့ ကိုယ့်စိတ်ကို သန့်စေချင်တယ်ဆိုရင် သတိ၊ သမာဓိ၊ ပညာဖြစ်အောင် လေ့ကျင့်ရမယ်။ အမြဲလေ့ကျင့်နေရမယ်။ အဲဒါဆို သတိပဌာန်လေးပါး ဒီထဲမှာ ပါလာပြီ… နော်။

    ကိုယ့်စိတ်ထဲမှာ ကောင်းတဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ရှိမယ်။ ဥပမာ- မေတ္တာစိတ်တွေ ဖြစ်နေတဲ့အခါ။ အဲဒီစိတ်ကလေးကို ပြန်ကြည့်ပါ။ မေတ္တာစိတ်ကလေးဟာ နူးညံ့လိုက်တာ။ ချမ်းသာလိုက်တာ။ သန့်ရှင်းလိုက်တာ။ မေတ္တာဆိုတာ အဆိပ်အတောက် မဟုတ်ဘူး။ အဆိပ်ကိုတောင် ဖြေပေးနိုင်တဲ့သတ္တိရှိတယ်။ ဒေါသစိတ် ဖြစ်နေရင် ကိုယ်ကိုယ်တိုင် အဆိပ်သင့်နေပြီ။ မေတ္တာစိတ်ဖြစ်ရင် အဲဒါရဲ့ ပြောင်းပြန်…နော်။ အဆိပ်အတောက်ကို ဖြေပေးနေတယ်။ ကိုယ့်စိတ်ကြောင့် ကိုယ့်မှာ ချက်ချင်းအကျိုးခံစားရတယ်။ အချိန်မဆိုင်းဘူး။ အဲဒီတော့ ကိုယ့်စိတ်မှာ မေတ္တာစိတ်ဖြစ်နေရင် အဲဒီမေတ္တာစိတ်ဟာ ဆေးဖြစ်တယ်။ "toxic" အဆိပ်ဖြေပေးတဲ့သဘော ဖြစ်သွားပြီ။ အဲဒီလိုပဲ ကရုဏာစိတ်တွေ ဖြစ်နေတယ်။ ရိုးသားတဲ့စိတ်တွေ ဖြစ်နေတယ်။ ကိုယ်ချင်းစာတဲ့စိတ်တွေ ဖြစ်နေတယ်။ ကောင်းတဲ့စိတ်တွေ ဖြစ်နေတယ်။ ဒီလိုစိတ်မျိုးဟာ သိပ်လှတယ်။ ခံစားပါ။ ကိုယ့်စိတ်ကို ကိုယ်ခံစားပါ။
    🌹
    တကယ်တော့ ကိုယ် တကယ်ထိထိမိမိ ခံစားလို့ ရတာဟာ ကိုယ့်စိတ်ဘဲ။ လူတွေဟာ စိတ်ကို ခံစားတယ်… နော်။ ဒါကို လေးလေးနက်နက် သဘော ပေါက်စေချင်တယ်။ ကိုယ် တကယ် အထိအမိဆုံး ခံစားရတာ ကိုယ့်စိတ်ဘဲ၊ ကျန်တာတွေက တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကိုကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့် ခံစားရလို့ သိတာ။ စိတ်က ခံပေးလို့ရောက်တာ။ စိတ်က မယူရင်၊ မခံစားရင် စိတ်ထဲ မရောက်နိုင်ဘူး။ စိတ်ကို စိတ်နဲ့ ပြန်ကြည့်တာဟာ တိုက်ရိုက်ပဲ သိနေတယ်။ အဲဒီတော့ စိတ်ကို ပြန်ခံစားရတယ်ဆိုတာကို ဥပမာ ပြောနိုင်မလား။ တစ်ချို့လူတွေ ရယ်စရာ ရုပ်ရှင်ကားတွေ သွားကြည့်တယ်။ ဘာဖြစ်လို့တုံး။ အဲဒီစိတ်ကို ပြန်ခံစားတာပဲနော်။ တချို့လူတွေက တစ္ဆေ၊ သူရဲကားတွေ ကြည့်တယ်။ ဘာဖြစ်လို့တုံး။ ကြောက်တဲ့စိတ်ကို ခံစားတာ… နော်။ တစ်ချို့လူတွေက အလွမ်းကားတွေ ကြည့်တယ်။ ကောင်းလွန်းလို့ ငိုလိုက်ရတာ ပုဝါကို ရွှဲနေတာပဲ။ အဲဒါ နောက်တစ်ခါ သွားကြည့်ဦးမှာပဲ။ ဘာဖြစ်လို့လဲ။ လွမ်းရတဲ့စိတ်၊ လွမ်းရတဲ့ "emotion" ကို ခံစားတာ..နော်။ လူဟာ ကိုယ့်စိတ်ကို ကိုယ် ပြန်ခံစားတယ်။ အဲဒီလိုပဲ စိတ်ထဲမှာ ကောင်းတဲ့စိတ်ကလေး ဖြစ်လာတဲ့အခါ အဲဒီစိတ်ကလေးကို သေချာကြည့်ပြီးတော့ ထိထိမိမိ သိပြီးတော့ ခံစားစမ်းပါ။ မေတ္တာစိတ် ကရုဏာစိတ်ဆိုတာ ခံစားလို့ရတာပဲ။ တစ်နေ့တာ အတွင်းမှာ အကြိမ်ပေါင်း များစွာ ဖြစ်တယ်။ ဒေါသ ဖြစ်ရင်လဲ ဖြစ်မှာပဲ၊ ဒေါသရဲ့ ပူလောင်မှုကို ခံစားပြီး သိပါ။ လောဘဖြစ်ရင်လဲ ဖြစ်မှာပဲ။ လောဘရဲ့ မပြည့်စုံတဲ့ သဘောကို ခံစားပါ။ မာနဖြစ်တဲ့ အခါမှာလည်း နိုင်းယှဉ်ပြီး တွေးနေတဲ့စိတ်ကို သေသေချာချာ သိပြီး မာနကြောင့်ဖြစ်ရတဲ့ စိတ်ပင်ပန်းမှုကို ခံစားကြည့်ပါ၊၊ တချို့ မာန ဖြစ်ရတာကို ကြိုက်တဲ့သူ ရှိတယ်။ မာနနဲ့လုပ်မှ စိတ်မှာ အားတစ်မျိုးရှိတယ်လို့ ပြောကြတယ်။ မှန်ပါတယ်။ လောဘဆိုတာလည်း အားတစ်မျိုး၊ ဒေါသဆိုတာလည်း အားတစ်မျိုး၊ မာနဆိုတာလည်း အားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်ပန်းတာတော့ အမှန်ပါပဲ။ ဣဿာ မစ္ဆရိယတို့လည်း ဖြစ်မှာပဲ။ ဖြစ်တဲ့အခါမှာ သေသေချာချာ ကြည့်လိုက်ပါ။ သေသေချာချာ သိပါ။ ခံစားပါ။ သူတို့ကြောင့် ပင်ပန်းတဲ့ခံစားမှု ဖြစ်တယ်။ ကောင်းတဲ့စိတ်ကို ခံစားချင်ရင် မေတ္တာပွားနေပေါ့နော်။ အဲဒီလိုပဲ မေတ္တာ၊ ကရုဏာစိတ်တွေ၊ ကိုယ်ချင်းစာစိတ်တွေ၊ သေချာ ခံစားပါ။🌱
    💧သိနေတဲ့စိတ်ကို ပြန်သိပါ။💧
    🌹🌹🌹
    အဲဒါလည်း သိတဲ့သဘောကို ပြန်ခံစားနေတာ။ အဲဒါလည်း အရသာတစ်မျိုး ရှိပါတယ်။ သိရတဲ့ အရသာ။ သတိကို ခံစားပါ။ ဒါ သိပ်အရေးကြီးတယ် နော်။ တရား အားထုတ်တဲ့ သူတွေမှာ သတိကို ပြန်ပြီးတော့ ခံစားပြီး သိနေဖို့ အလွန်ပဲ အရေးကြီးတယ်။ တရားအားထုတ်တာ အလေ့အကျင့်များလာရင် စိတ်ထဲမှာ သတိဖြစ်လာတဲ့အခါမှာ ကြည့်ပြီးတော့ သိနေတယ်။ အဲဒါ သတိပဲ။ ဒါ သတိရဲ့ သဘာဝပဲ။ သိနေတယ်။ ထိထိမိမိ သိနေတယ်။ သမာဓိဖြစ်နေတဲ့အခါ သမာဓိကို ကြည့်ပြီးတော့ ခံစားလို့ရတယ်။ ဒါသမာဓိပဲ။ ငြိမ်သက်နေတဲ့ သဘောလေးရှိတယ်။ ပီတိဖြစ်တဲ့အခါလည်း ပီတိကို ခံစားလို့ရတယ်။ ပီတိ ဖြစ်နေတယ်။ နှစ်သက်နေတယ်။ တရားအပေါ်မှာ နှစ်သက်နေတယ်။ သဘောတွေ ကျနေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီလိုဘဲ သဒ္ဓါတရား ဖြစ်တဲ့အခါမှာလည်း ခံစားလို့ရတယ်။ အော်…ဒါ သဒ္ဓါတရားပဲ။ ကြည်လင်တယ်။ ကြည်ညိုတယ်။ စိတ်ကို အားဖြည့်ပေးတယ်။ တရားအားထုတ်ဖို့အတွက် အားဖြည့်ပေးတဲ့ သဘောရှိတယ်။ ၀ိရိယ ဖြစ်နေရင်လည်း ခံစားလို့ရတယ်။ ပဿဒ္ဓိဆိုတဲ့ အေးချမ်းမှုသဘော ဖြစ်နေလည်း ခံစားလို့ ရတယ်နော်။
    🌹🌹🌹
    ဥပေက္ခာမှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်။ ၀ီရိယ အပိုအလို မရှိတာလည်း ဥပေက္ခာပဲ။ စိတ်က ညီမျှပြီးတော့ နေတယ်။ balance ဆိုတာ ရှိနေတယ်။ နေရတာ သက်သာလိုက်တာ။ တရား အားထုတ်ရတာလည်း သူ့အလိုလို ဖြစ်သွားနေတာ။ လုပ်နေတာ မဟုတ်တော့ဘူး။ သူ့သဘောအတိုင်း သူ့ဟာသူ တရား အားထုတ်နေတာ။ အဲဒီတော့ စိတ်မှာဖြစ်တဲ့ ကောင်းတဲ့စိတ်တွေရော၊ ဆိုးတဲ့စိတ်တွေရော။ သန့်ရှင်းတဲ့စိတ်၊ မသန့်ရှင်းတဲ့စိတ်ကိုရော၊ လှတဲ့စိတ်၊ မလှတဲ့စိတ်ရော အားလုံးကို ထိထိမိမိ သိဖို့လိုတယ်..နော်။ အဲဒီလို သိတာ များလာလို့ရှိရင် အလိုလိုပဲ မကောင်းတဲ့စိတ်ထဲမှာ မနေချင်တော့ဘူး။ မကောင်းတဲ့စိတ် ဖြစ်လာရင်ကိုပဲ ထိခိုက်တယ်ဆိုတာကို သိတယ်။ စိတ်ထဲမှာ ပင်ပန်းတဲ့ သဘောတွေ ရှိလာတယ်။ စိတ် ကြမ်းတမ်းလာတယ်။ စိတ်မကျန်းမာဘူး။ စိတ်အနားမရဘူး။ စိတ်အားတွေ ကုန်လာတယ်။ အဲဒါကို ကိုယ်တိုင် သိလိုက်တဲ့အခါ ဒီလိုစိတ်မျိုးကို လက်မခံနိုင်ဘူး။ အဲဒီလို သတိနဲ့ နေတဲ့စိတ်၊ သမာဓိနဲ့ နေတဲ့စိတ်မျိုး ဖြစ်လာရင် စိတ်က အနားရနေတယ်။ နေရတာ သက်တောင့်သက်သာ ရှိတယ်။ မေတ္တာ၊ ကရုဏာစိတ် ဖြစ်ရင်လဲ စိတ်က ချမ်းသာနေတယ်၊၊ ဥာဏ်ပညာ ဖြစ်လာပြီ ဆိုရင်တော့ အမှန်တရားကို ပိုင်ပိုင်နိုင်နိုင် သိတဲ့စိတ် ဖြစ်လာပြီဆိုရင် ရုပ်သဘောကို ရုပ်သဘောလို့ သိတယ်။ နာမ်သဘောကို နာမ်သဘောလို့ သိနေတယ်။ ဒါတွေဟာ ပုဂ္ဂိုလ် သဘာဝ မဟုတ်ဘူး။ လိုသလိုဖြစ်အောင် ဖန်တီးလို့မရဘူး။ သူ့ဟာသူ အကြောင်းရှိလို့ ဖြစ်လာတဲ့ သဘောတွေပဲ။ အကြောင်းရှိလို့ ဖြစ်လာပြီးရင်လည်း သူ့သဘောနဲ့သူ ပျက်သွားတာဘဲ၊၊ သူ့ကို အမှန်တော့ ချစ်ဖို့လည်း မလိုဘူး။ မုန်းဖို့လည်း မလိုဘူး။ သူ့သဘောနဲ့ သူပဲ။ ဘယ်လိုမှ သဘောမထားရင် အကောင်းဆုံးပဲ။ ဥပေက္ခာက အကောင်းဆုံးပဲ။ အဲဒီလို ဥာဏ်ပညာနဲ့ သိနေတဲ့အခါမှာ အဲဒီဥာဏ်ပညာကို ပြန်ကြည့်လို့ရတယ်။ ဥာဏ်ပညာရဲ့ နက်နဲမှု၊ ဥာဏ်ပညာရဲ့ အင်အား၊ ဥာဏ်ပညာရဲ့ လွတ်လပ်မှု၊ ဥာဏ်ပညာရဲ့ ရဲရင့်မှု သတ္တိကို ပြန်ရှုလို့ ရတယ်။ ပညာဆိုတာ ရဲရင့်တဲ့ သဘော ရှိတယ်။
    🌹🌹🌹
    ဝိပဿနာဥာဏ်ကို ၀ိပဿနာပြန်ရှုလို့ ရတယ်နော်။ ရှုမှလည်းဖြစ်မယ်။ မရှုရင် မဖြစ်ဘူး။ မရှုရင် ငါသိတယ်ဆိုတဲ့စိတ် ၀င်တတ်တယ်။ သူ့ကို ဥာဏ်ပညာ အနေနဲ့ပဲ ပြန်ရှုတဲ့နေရာမှာ အော်… ဒါပညာရဲ့သဘောပဲ။ ပိုင်းပိုင်းခြားခြား၊ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန် သိနိုင်တဲ့ သဘောပါလား။ ဒီလိုသိနိုင်တဲ့ သဘောက လူသားမှာ ရှိနေတယ်။ အဲဒီလို သိတဲ့အခါ လူသားဆိုတာ အင်မတန် မြင့်မြတ်တဲ့သဘာဝ ရှိနေပါလား ဆိုတာကို သိလာတယ်။ သိလာတော့ လူရဲ့ မြင့်မြတ်မှုကို ပိုပြီးတော့ တန်ဖိုးထားလာတယ်၊၊ ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ထားလေး မြင့်လာတာကို ကြည့်ပြီးတော့ တန်ဖိုး ထားလာပြီးတော့ လူတိုင်းလူတိုင်း အဲဒီလို စိတ်ထားတွေ မြင်ြ့ကရင် သိပ်ကောင်းမှာပဲ။ အားလုံး စိတ်ထားတွေ မြင့်မြတ်လို့ရှိရင် လူ့လောကကြီးက ပိုပြီးတော့ နေပျော်တဲ့ လောကကြီး ဖြစ်မယ်။ အန္တရာယ် အင်မတန်နည်းတဲ့ လောကကြီး ဖြစ်မှာဘဲ။ အဲဒီလို လောကကြီးကို တန်ဖိုးထားတတ်တဲ့စိတ် ပိုဖြစ်လာပြီး အဲဒီလိုဖြစ်တဲ့လူတွေ များလာအောင် အားပေးသင့်တယ်။ ကြိုးစားသင့်တယ်နော်။ ကိုယ့်စိတ်ထဲမှာ လှတဲ့စိတ် တစ်နေ့တာအတွင်းမှာ အကြိမ်းများစွာ ဖြစ်သွားတယ်။ အဲဒါကို သိအောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်။ ကိုယ့်စိတ်ထဲမှာ မလှတဲ့စိတ်တွေ။ မသန့်ရှင်းတဲ့ စိတ်တွေ ဖြစ်နေတာလည်းရှိတယ်။ အဲဒါတွေ သိအောင်လုပ်ဖို့လည်း အရေးကြီးတယ်..နော်။🌱
    💧ချစ်တတ်တဲ့စိတ် တန်ဖိုးထားတတ်တဲ့စိတ်ကို အရင်ရအောင်လုပ်၊၊💧
    🌹🌹🌹
    တိတ်ဆိတ် အေးချမ်းပြီး သန့်ရှင်း ကြည်လင်တဲ့ စိတ်မျိုးကို ရတဲ့သူဟာ လှပမှုကို ပိုပြီး သိနိုင် မြင်နိုင် ကြားနိုင် ခံစားနိုင်တယ်။
    Love is the mother of beauty.
    မေတ္တာဟာ လှပမှုကို မွေးဖွားပေးတဲ့မိခင် ဖြစ်တယ်။ ချစ်တဲ့စိတ်နဲ့ ကြည့်ရင် လှတာကို မြင်ရတယ်။ ချစ်တဲ့စိတ်နဲ့လုပ်တဲ့ အလုပ်ဟာ လှတယ်။ မချစ်တတ်တဲ့သူဟာ လှတာကို မဖန်တီးနိုင်ဘူး။ ဒါကြောင့် ချစ်တဲ့စိတ်ဟာ အလှအပရဲ့ မိခင်ဖြစ်ပါတယ်။ ဒါကြောင့် လှတာတွေကို မြင်ချင်ရင် ချစ်တတ်တဲ့စိတ် တန်ဖိုး ထားတတ်တဲ့စိတ်ကို အရင်ရအောင် လုပ်ရမယ်။ လှတာကို မမြင်တတ်ရင် လှတာကို မဖန်တီးနိုင်ဘူး။ မချစ်တတ်တဲ့သူအတွက် အလှအပဟာ မရှိဘူး။ ချစ်တတ်တဲ့စိတ်နဲ့ ကြည့်မှ အလှအပကို မြင်နိုင်တယ်။ အလှအပကိုမြင်နိုင်မှ အလှအပကို ဖန်တီးနိုင်မယ်။ ဒါကြောင့် လှပတာကို ဖန်တီးချင်ရင် ချစ်တဲ့စိတ်နဲ့ ကြည့်ပါ။ ချစ်တဲ့စိတ်နဲ့ လုပ်ပါ။ အပြစ်ရှာချင်တဲ့သူဟာ အလှကို မမြင်နိုင်တော့ဘူး။ မလှတာကိုပဲ မြင်မယ်။ အဲဒါဟာ သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်၊၊ သူတစ်ပါး အပြစ်ကိုပဲ ရှာကြည့်တတ်တဲ့သူဟာ တကယ့် အဆင့်မြင့်တဲ့ အလုပ်ကိုလည်း မလုပ်နိုင်ပါဘူး။
    Sublimity is related to beauty.
    မြင့်မြတ်မှု၊ အဆင့်အတန်းမြင့်မားမှုဟာ လှပမှုနဲ့ ဆက်စပ်မှုရှိတယ်။ ခန့်ငြားလိုက်တာ၊ ကျက်သရေ ရှိလိုက်တာ၊ ကြည်ညိုစရာ ကောင်းလိုက်တာ ဆိုတာတွေဟာ တစ်နည်းအားဖြင့် လှပမှုကို ပြောတာပါပဲ။ တချို့တောင်ကြီးတွေဟာ သိပ်ခန့်ငြားတယ်၊ သိပ်လှတယ်။ ဒါကြောင့် တချို့လူတွေ အဲ့ဒီလို တောင်ကြီးတွေကို ရိုသေကြတယ်။ မြတ်နိုးကြတယ်။ ဂျပန်တွေဟာ ဖူဂျီတောင်ကို သိပ်အလေးအမြတ် ထားကြတယ်။ တောင်ကြီးကြီး ရှားတဲ့ တိုင်းပြည် ဖြစ်လို့လားတော့ မသိပါဘူး။ ဖူဂျီတောင်ကိုတက်ဖို့ သူတို့ လေးလေးစားစား ခမ်းခမ်းနားနား လုပ်ကြတယ်။🌱
    💧တရားမျှတမှုရှိတဲ့ဘ၀မှသာ စိတ်အေးချမ်းမှု ရှိတဲ့ဘ၀💧
    🌹🌹🌹
    အမှန်တရားဟာလှပတယ်၊၊ အမှန်တရားကို ကိုးကွယ်တယ်လို့ ဆိုရင် အလှအပကို ကိုးကွယ်တယ်လို့ ဆိုရမယ်။ အမှန်တရားနဲ့ အလှအပကို မြတ်မြတ်နိုးနိုး ငါ ရှာဖွေနေတယ်။ အဲဒီအသိက ငါ့ကို သတ္တိရှိစေတယ်။ ငါ့ကိုယ်ကိုငါ ယုံကြည်မှုကို ငါ့ရဲ့ မှန်ကန်တဲ့ ဦးတည်ချက်က ပေးတယ်။
    Living well and beautifully and justly are all one thing. (Socrates)
    ကောင်းကောင်း နေတာ၊ လှလှပပ နေတာနဲ့ တရားမျှတစွာ နေတာဟာ အားလုံး တစ်ခုတည်းပါပဲ။ တူတူပါပဲ။ ဘ၀ကို လှလှပပနေချင်ရင် တရားမျှတမှုကို တန်ဖိုးထားရမယ်။ မတရားတာတွေကို လုပ်နေတဲ့သူရဲ့ ဘ၀ဟာ လှပတဲ့ဘ၀ မဖြစ်နိုင်တော့ဘူး။ မလှတဲ့ ဘ၀ဟာ ရုပ်ဆိုးတဲ့ ဘ၀ပေါ့။ ကြည့်လို့မကောင်း ကြားလို့မကောင်းတဲ့ ဘ၀ပေါ့။ မလှတာကို လူမမြင်အောင် မသိအောင် လျှို့ဝှက်ရလိမ့်မယ်။ ကိုယ့်ဘ၀ကို လျှို့ဝှက်ရရင် အထီးကျန် ဖြစ်လိမ့်မယ်။ ဒါကြောင့် မလှတဲ့ ဘ၀ဟာ အထီးကျန်ဖြစ်တဲ့ဘ၀ ဖြစ်သွားမယ်။ တရားမျှတမှု မရှိတာတွေကို လုပ်တဲ့သူရဲ့ ဘ၀ဟာ အထီးကျန် ဖြစ်တဲ့ဘ၀ပဲ။ အဲဒီလိုလူတွေ ဘယ်လောက်များသလဲ၊၊ မတရားတာကို လုပ်တဲ့သူမှာ မိတ်ဆွေစစ် မိတ်ဆွေကောင်း မရှိဘူး။ မိတ်ဆွေတုပဲ ရှိမယ်။ မိတ်ဆွေယောင် ဆောင်နေတဲ့ ရန်သူတွေပဲ ရှိမယ်။ မိတ်ဆွေယောင် ဆောင်နေတဲ့ ရန်သူက ပိုပြီး ကြောက်စရာကောင်းတယ်။ သူက အချိန်ကောင်းကို စောင့်ပြီး ဒုက္ခ ပေးနိုင်တယ်။ မတရားတာတွေကို လက်တွဲပြီး လုပ်နေကြတဲ့သူတွေဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိနိုင်ဘူး။ မယုံရတဲ့သူတွေနဲ့ လက်တွဲရတာ ပင်ပန်းလှပါတယ်။ စိတ်အေးချမ်းမှု မရနိုင်ဘူး။ ဒါကြောင့် မတရားတာကို လုပ်နေတဲ့သူတွေဟာ ဘယ်တော့မှ စိတ်အေးချမ်းမှုကို မရနိုင်ဘူး။ ကောင်းတဲ့ဘ၀ လှပတဲ့ဘ၀ တရားမျှတမှု ရှိတဲ့ဘ၀မှသာ စိတ်အေးချမ်းမှု ရှိတဲ့ဘ၀ ဖြစ်နိုင်တယ်။
    It is not living that is important but living rightly. (Socrates)
    အသက်ရှင်နေရုံမျှ နေနေတာဟာ အရေးကြီးတဲ့ အချက် မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် နေတာက အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။🌱
    ♻️ ဆရာတော်ဦးဇောတိက ♻️
    🍁 ( မဟာမြိုင်တောရ ) 🍁
    ▫️▫️ ၏ ▫️▫️
    🌻“အလှတရားမှအမှန်တရားသို့”🌻
    စာအုပ်မှ ရွေးထုတ်ကူးယူ ဖေါ်ပြပါသည်၊၊

    No comments:

    Post a Comment

    😁😁😁