{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015
    “အလှတရားမှအမှန်တရားသို့”
     LIFE's photo.
    လူ့ဘ၀မှာ အဆင်မပြေတာတွေ အများကြီးကြုံရတဲ့အခါမှာ စိတ်ညစ်တယ်။
    စိတ်ဓါတ်ကျသွားတယ်။ အဲဒီလိုအခါမျိုးမှာ ကြည်လင်တဲ့၊ အေးချမ်းတဲ့၊ သန့်ရှင်းတဲ့၊ လှပတဲ့အာရုံ တစ်ခုခုကို အာရုံပြုလိုက်လို့ရှိရင် အဲဒီစိတ်ဓါတ်ကျတာ ပျောက်သွားတယ်။
    ဘုန်းကြီးကိုယ်တိုင် ငယ်ငယ်တုံးက ခဏခဏ စိတ်ဓါတ်ကျဖူးပါတယ်။ အဲဒီအခါမှာ
    တိတ်ဆိတ်အေးချမ်းတဲ့ ရှုခင်းလှတဲ့နေရာမှာ သွားထိုင်နေလိုက်ရင်လည်း နည်းနည်း သက်သာတယ်။ စိတ်ထားမြင့်မြတ်တဲ့၊ အေးချမ်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ စကားသွားပြောရရင်လဲ သက်သာတယ်။ ကိုယ့်အပေါ်မှာ မေတ္တာ၊ ကရုဏာထားတဲ့သူ၊ ကိုယ့်ကိုနားလည်တဲ့သူနဲ့ တွေ့ရရင် သက်သာတယ်နော်။ တရားစာအုပ် ဖတ်ရင်လည်း သက်သာတယ်။ တရားအားထုတ်ရင်ကော… ပိုသက်သာမယ်။ အဲဒီ အကြောင်းကို ဆက်ပြောရအုံးမယ်။ စိတ်ဓါတ် အရမ်းကျသွားတဲ့အခါမှာ လူက ဘယ်လိုဖြစ်သလဲ။ ဘာမှ မလုပ်ချင်တော့ဘူး။ သေတာသာ ကောင်းမယ်ထင်တယ်။ သေလိုက်ချင်ပြီ။ ဒီလိုတွေးတယ်နော်။ ဒါပေမယ့် မြင့်မြတ်တဲ့သဘော၊ လှပတဲ့သဘော
    သန့်ရှင်းတဲ့သဘော တစ်ခုခုကို ခံစားရတဲ့အချိန်မှာ သေချင်စိတ် ပျေက်သွားတယ်။ ကောင်းတာတွေ လုပ်ချင်တဲ့စိတ် ပြန်ဖြစ်လာတယ်။
    "The monment we appreciate beauty we become more than we were."
    အလှအပတစ်ခုကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ခံစားလိုက်ရတဲ့အချိန်မှာ အရင်တုံးကထက် ပိုပြီးတော့ အဆင့်မြင့်တဲ့
    လူတစ်ယောက်ဖြစ်သွားတယ်။ လှပတာတစ်ခုနဲ့ ထိတွေ့လိုက်ရတဲ့အတွက် တစ်ခုခုကို နားလည်သွားပြီး အဆင့်မြင့်တာတစ်ခုကို ခံစားတ်တဲ့သူ နားလည်နိုင်တဲ့သူ မြတ်နိုးနိုင်တဲ့သူ
    ဖြစ်သွားပြီ။ ဒါကြောင့် အရင်ကထက် ပိုပြီး အဆင့်အတန်းမြင့်သွားပြီလို့ ဆိုနိုင်တယ်။
    အလှတရားကို ခံစားနိုင်တာကိုက အဆင့်မြင့်တဲ့ စိတ်ဓာတ်နဲ့ အဆင့်မြင့်တဲ့ အသိဥာဏ် ရှိလို့ပဲ။ ဒါကြောင့် အဆင့်မြင့်တဲ့သူ ဖြစ်လာအောင် အဆင့်မြင့်တဲ့ အတွေးအခေါ်၊ အဆင့်မြင့်တဲ့ စာပေတွေကို နားလည်နိုင်ပြီး ခံစားနိုင်အောင်
    လေ့လာရတယ်၊ လေ့ကျင့်ရတယ်။ လှတဲ့ အေးချမ်းတဲ့ရှုခင်းကို ခံစားတတ်အောင်
    သင်ပေးဖို့လည်း လိုပါတယ်။ စိတ်ထား အဆင့်မြင့်လာလေလေ ပိုပြီးအဆင့်မြင့်တဲ့ အလှကို မြင်လေလေပဲ။
    The most beautiful emotion we can experience is the mystical.
    ငါတို့တွေ့ကြုံနိုင်တဲ့ အလှပဆုံး ခံစားမှုဟာ (mystical) စကားလုံးတွေနဲ့ ပြောပြလို့ မရနိုင်တဲ့ ရှင်းပြလို့ မရနိုင်တဲ့ ခံစားမှုဖြစ်တယ်၊၊
    နက်နဲသိမ်မွေ့လွန်းလို့ စကားလုံးတွေနဲ့ ဘယ်လိုမှ ပြောပြလို့ မရနိုင်တဲ့အရာ၊ အသိဥာဏ်နဲ့သာ သိလို့ရတဲ့အရာကို ခံစားလိုက်ရတာဟာ အလှပဆုံးအရာကို ခံစားလိုက်ရတာပဲ။ တရားအားထုတ်တဲ့သူတွေ တွေ့ကြုံရတဲ့ ခံစားမှုဟာလည်း လှပတဲ့ခံစားမှု ဖြစ်တယ်။ စကားလုံးတွေနဲ့ ပြောပြမလို့ မရနိုင်ဘူး။ ဒါကြောင့် mystical လည်းဖြစ်တယ်။ အလှပဆုံး ခံစားမှုလည်း ဖြစ်တယ်။
    တစ်ခါတလေ ညအခါမှာ မိုးကောင်းကင်ပြီးကို မော့ကြည့်ပြီးတော့ စင်္ကြာဝဠာကြီးနဲ့ ငါနဲ့ တစ်သားတည်းဖြစ်နေတဲ့ ခံစားမှုကို ခံစားရတယ်။
    အဲဒါဟာ အင်မတန်လှပတဲ့ ခံစားမှုပဲ၊၊ စိတ်ထားအဆင့် မြင့်လာလေလေ ပိုပြီး အဆင့်မြင့်တဲ့အလှကို မြင်လေလေပဲ။ အဲဒီလို အဆင့်မြင့်တဲ့အလှကို မြင်နိုင်လေလေ ကိုယ့်ဘ၀ရဲ့ အရည်အသွေးဟာ မြင့်လာလေလေ ဖြစ်တယ်။ အဲဒါဟာ အင်မတန် ကျေနပ်စရာကောင်းတယ်။ တန်ဖိုးရှိတယ်။
    အရေးကြီးတယ်၊၊ အဆင့်အမြင့်ဆုံး အလှကို မြင်နိုင်ရင် အဆင့်အမြင့်ဆုံး ဘ၀ကို ရတာပဲ။
    အကောင်းဆုံးဘ၀ကို ရတာပဲ။
    (ဒီစကားကို စာပေ ၀ါသနာပါတဲ့သူတွေ၊ ကဗျာ ၀ါသနာပါတဲ့သူတွေ၊ အနုပညာ
    လောကမှာ အမြင့်မြတ်ဆုံးအလှ
    ဘုန်းကြီး ပြောတိုင်းပြောတိုင်း အလှအပဆိုတဲ့ စကားလုံးဟာ မျက်စေ့နဲ့မြင်ရတဲ့ ရုပ်ရည်လှတာ တစ်ခုထဲကို ပြောတာမဟုတ်ဘူး… နော်။ အလှအပဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ အမြဲတမ်း
    သတိထားပြီးတော့ အဓိပ္ပာယ်ကောက်ပါ။ ဘုန်းကြီး မြတ်စွာဘုရားကို စိတ်နဲ့မှန်းပြီးတော့ ကြည့်တယ်။ မြတ်စွာဘုရားနဲ့ ပတ်သက်တာတွေ အများကြီး ဖတ်ဖူးထားတယ်။ မြတ်စွာဘုရားကို
    တကယ်အသက်ရှိတဲ့ဘုရားလို့ စိတ်ထဲမှာ မြင်လာအောင် မှန်းကြည့်တယ်။ ရုပ်ပွားတော် ဆင်းတုတော် မဟုတ်ဘူး။ မှန်းကြည့်တဲ့အခါမှာ မြတ်စွာဘုရားရဲ့ ကျက်သရေရှိတာ၊ တည်ငြိမ်တာ၊
    အေးချမ်းတာ၊ သန့်ရှင်းတာ၊ မေတ္တာ၊ ကရုဏာ ကြီးတာ၊ ခိုင်မာတာ၊ ရင့်ကျက်တာ၊ လွတ်လပ်တာကို စိတ်က မှန်းလို့ရသွားပြီဆိုရင် ကိုယ့်စိတ်က အရင်စိတ်နဲ့ မတူတော့ဘူး။ နည်းနည်းမြင့်သွားပြီ။ ဘုန်းကြီး နားလည်သလို ပြောတတ်သလို ပြောရရင် လောကမှာ အမြင့်မြတ်ဆုံးအလှဟာ မြတ်စွာဘုရားပဲ။ ဘယ်လို အလှအပဖြစ်ဖြစ် သေသေချာချာ ခံစားမိလို့ရှိရင် စိတ်က နည်းနည်း အဆင့်မြင့်သွားတယ်။ အဲဒါကို သဘောပေါက်ဖို့၊ နားလည်ဖို့ တန်ဖိုးထားတတ်ဖို့ သိပ်အရေးကြီးတယ်။
    🌲အဲဒီလို မြင့်မြတ်တာကို အာရုံပြုတဲ့အချိန်မှာ၊ သန့်ရှင်းတာ လှပတာကို အာရုံပြုတဲ့အချိန်မှာ စိတ်က ကျန်းမာနေတယ်လို့ ပြောလို့ရတယ်။
    ➖➖➖🍄🍄➖➖➖
    ♻ ဆရာတော်ဦးဇောတိက ♻
    ( မဟာမြိုင်တောရ )
    “အလှတရားမှအမှန်တရားသို့”
    စာအုပ်မှ ကူးယူ ဖေါ်ပြပါသည်၊၊
    No comments:
    Post a Comment
    😁😁😁