လူဆိုတာ လူတွေနဲ့ အတူနေရတယ်။ ဒါကြောင့် လူတွေအကြောင်း များများသိဖို့ လိုတယ်။
လူတယောက် အကြောင်းကို သိလိုက်ရတိုင်း သိလိုက်ရတိုင်း အတုယူစရာ ၊
နည်းယူစရာ ၊ သင်ခန်းစာယူစရာတွေ အများကြီးရတယ်။ ကိုယ်က လူတွေအကြောင်း
များများသိထားရင် လူတွေနဲ့နေရတာ၊ ပြောရဆိုရတာ၊ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေတယ်။
ဒါ့အပြင် သူများအကြောင်း သိရတဲ့ အခါမှာ ကိုယ့်အကြောင်းလည်း ပိုသိလာတယ်။
ကိုယ့်အကြောင်းကို ပိုသိလေလေ သူတပါးကိုလည်း ကိုယ်ချင်းစာနိုင်လေလေ ဖြစ်လာတယ်။ လူတယောက်ကို မြင်တာနဲ့ “ငါ ကိုယ်ချင်းစာတော့မယ်။ ငါ့ကို အေးအေးဆေးဆေး
လေးလေးစားစား တန်ဖိုးထားပြီးတော့ ပြောမယ်၊ ဆိုမယ်၊ ဆက်ဆံမယ် ဆိုရင် ငါ ကြိုက်တယ်။
ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်၊ ဒေါသနဲ့ မပြောဘူး။
ကိုယ်ချင်းစာပြီးတော့ ပြောမယ်၊ လေးလေးစားစား ပြောမယ်”
ဆိုတဲ့ စိတ်နဲ့ ပြောကြည့်၊ ဆက်ဆံရေးဟာ အများကြီး အဆင်ပြေလာနိုင်ပါတယ်။
ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့ စိတ်နေသဘောထားဟာ အင်မတန် မြင့်မြတ်တဲ့
စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူ့ကို
ဆက်ဆံလိုက်တာဟာ သူ့ကို အကောင်းဆုံး လက်ဆောင် ပေးလိုက်တာပဲ။
အကောင်းဆုံး စေတနာနဲ့ သူ့ကို အရိုးသားဆုံး ဆက်ဆံလိုက်တာဟာ
သူ့ကို အကောင်ဆုံး လက်ဆောင် ပေးလိုက်တာပဲ။ ပရိယာယ် မသုံးပဲနဲ့ ရိုးရိုးသားသား
ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတယောက်ကို ကိုယ်ကပေးနိုင်တဲ့
အကောင်းဆုံးအရာ တခု ဖြစ်တယ်။
🌹🌹🌹
ကိုယ့်စိတ်၊ ကိုယ့်ခံစားချက်နဲ့ သူတပါးရဲ့ စိတ်၊ သူတပါးရဲ့ ခံစားချက်တွေကို
နားလည်ပြီးတော့ အားလုံးအတွက် အဆင်ပြေအောင် ဆက်ဆံတတ်တဲ့သူ၊
အဆင်ပြေအောင် သဘောထားချင်း၊ အကြိုက်ချင်း ညှိပြီး အလုပ် လုပ်တတ်တဲ့ သူက
ရေရှည်မှာ ပိုပြီး အဆင်ပြေမယ်၊ စိတ်ချမ်းသာမယ်။ အသက်ကြီးသွားတဲ့ အထိ
သူ့ဘဝကို ကျေကျေနပ်နပ် အဓိပ္ပါယ်ရှိရှိ နေနိုင်မယ်။ လူအများဟာ
တယောက်နဲ့ တယောက် ရန်မဖြစ်ရုံလောက် အဆင်ပြေအောင် စကားချောအောင်
ပြောပြီးတော့ ဆက်ဆံသွားကြတာ များတယ်။ တကယ် စိတ်ထဲရှိတာကို
ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ သဘောထား အယူအဆ
ခံယူချက်ချင်း မတူတောင်မှ တစ်ယောက်ကို တစ်ယောက် လေးစားနိုင်တဲ့
တန်ဖိုးထားနိုင်တဲ့ ဆက်ဆံရေးမျိုးကို ရနိုင်ဖို့ဆိုတာ နှစ်ဦးလုံးမှာ အင်မတန်
ရင့်ကျက်ဖို့ လိုသလို နှစ်ဦးစလုံးမှာ အင်မတန် သတ္တိရှိဖို့ လိုတယ်။
အားငယ်တတ်တဲ့လူဟာ အကြိုက်ကို ပြောမှပဲ လက်ခံတယ်။
အားငယ်တတ်တဲ့ လူဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေး ၊
creative ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို မရနိုင်ဘူး။ ကိုယ့်ကိုယ်ကို တကယ်
ယုံကြည်မှု မရှိတဲ့သူဟာ သူတပါးရဲ့ အထောက်အကူကို လိုချင်နေတယ်။
သူတပါးရဲ့ သဘောတူမှုကို မှီခိုနေတယ်။ သူ့ကို ထောက်ခံတဲ့ သူကိုမှ
သဘောကျတယ်။ ငါ့အယူအဆကို လက်မခံရင် ငါ့ရန်သူလို့ သဘောထားတယ်။
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫▫၏▫▫
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊


Myanmar Kyat Converter
No comments:
Post a Comment